Pixel 4 ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင်ပြုလုပ်မည်

Google ဟာ အောက်တိုဘာ ၁၅ ရက်၊ နယူးယောက်စီးတီးမှာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ပြုလုပ်ဖို့ မီဒီယာတွေကို ဖိတ်ကြားထားပါတယ်။

Google အနေနဲ့ ပွဲမှာ Pixel 4, Pixel 4 XL နဲ့အခြားထုတ်ကုန်တွေကို မိတ်ဆက်ဖွယ်ရှိသလို Pixelbook 2 နဲ့ Google Home စပီကာတွေကိုလည်း ထုတ်ဖော်ပြသနို်ငပါတယ်။ ဖိတ်စာထဲမှာ “Google ကဖန်တီးတဲ့ ထုတ်ကုန်သစ် အနည်းငယ်ကို လာရောက်ကြည့်ရှုပါ” လို့ရေးသားထားပါတယ်။ ဇွန်လမှာ Google က Pixel 4 ကိုမိတ်ဆက်မယ့် အကြောင်းကို အတည်ပြုခဲ့ပါတယ်။ Google က Pixel 4 ရဲ့ဒီဇိုင်းသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး Pixel 4 မှာကိုယ်ပိုင် Face ID ပါဝင်လာမယ်လို့ ထုတ်ဖော်ပြသခဲ့ပါတယ်။ Pixel 4 မှာ Google ရဲ့ Project Soli နည်းပညာကို အသုံးပြုထားတဲ့ လက်ဟန်အမူအရာ command ကိုထောက်ပံ့ပေးထားပါတယ်။

အခု ရက်သတ္တပတ်အတွင်း ပေါက်ကြားထွက်ပေါ်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့တဲ့ Pixel 4 နဲ့ Pixel 4 XL ထုတ်ကုန်တွေဟာ hands-on ဗီဒီယိုတွေမှာ ပါဝင်သလို ဓာတ်ပုံများစွာလည်း ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Pixelbook laptop နေရာအစားထိုးဖို့ ၂၀၁၈ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Pixel Slate tablet ဟာမအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် Google အနေနဲ့ ဒီနှစ် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ပိုမိုကောင်းမွန်တဲ့ Pixel Slate ကိုမိတ်ဆက်ဖို့ လုပ်ကိုင်နေတယ်လို့ ပြောထားပါတယ်။

Google ရဲ့ ၂၀၁၈ ခုနှစ် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာတော့ Pixel 3, 3 XL, Pixel Slate, Google Nest Hub နဲ့ဆန်းသစ်တဲ့ Chromecast streaming ထုတ်ကုန်တို့ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က Google ဟာ Nest Hub Max ကိုတင်ပို့ရောင်းချထားပါတယ်။ Nest Hub Max မှာ ဗီဒီယို chat နဲ့နေအိမ်လုံခြုံရေးအတွက် ကင်မရာနဲ့ မျက်နှာပြင် အကြီးစား ပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerge