Pixel 2 XL မျက်နှာပြင်ပျက်စီးမှု သတင်းများအပေါ် Google စုံစမ်းနေ

Google ရဲ့ Pixel 2 XL စမတ်ဖုန်းဟာ အလင်းအားနည်းတဲ့နေရာမှာ အရောင်မကြည်လင်တာနဲ့ မမှန်မကန်ဖော်ပြမှုစတဲ့ ပြဿနာတွေ ရှိပါတယ်။ အခုဆိုရင်လည်း Pixel 2 XL မျက်နှာပြင်ပျက်စီးချို့ယွင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းကို Android Central က စတင်ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖုန်းရဲ့မျက်နှာပြင်မှာ မီးခိုးရောင်နောက်ခံဖြစ်ပေါ်နေတာကို လူနှစ်ဦးခန့်က သတိပြုမိခဲ့တယ်လို့ သိရပါတယ်။ Pixel 2 XL စမတ်ဖုန်းရဲ့ အောက်ခြေက navigation ခလုတ်တွေရှိတဲ့အပိုင်းက ချို့ယွင်းနေတယ်ဆိုတာ ပုံနဲ့တကွ ထွက်ပေါ်လာပါတယ်။

စမတ်ဖုန်းမျက်နှာပြင် ပျက်စီးတာဟာ ထူးခြားဖြစ်စဉ်မဟုတ်ပေမယ့် Pixel 2 XL ထွက်ရှိတဲ့ တစ်ပတ်အတွင်းမှာ အခုပြဿနာဖြစ်ပွားခဲ့တာကြောင့် လူတွေက စိုးရိမ်နေကြပါတယ်။

“Pixel 2 XL မျက်နှာပြင်ဟာ QHD+ ရုပ်ထွက်အရည်အသွေးအပါအဝင် အဆင့်မြင့် POLED နည်းပညာနဲ့ ဒီဇိုင်းဆွဲထားပါတယ်။ သဘာဝကျ လှပတဲ့ အရောင်နဲ့ဓာတ်ပုံတွေအတွက် wide color gamut နဲ့ high contrast အချိုးကို အသုံးပြုထားပါတယ်။ ကျွန်တော်တို့ရဲ့ထုတ်ကုန်အရည်အသွေးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ထားပြီး ထုတ်လုပ်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ပြုလုပ်နေပါတယ်” လို့ Google ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။

အခုဓာတ်ပုံထဲက Pixel 2 XL မျက်နှာပြင် ပျက်စီးသွားတယ်ဆိုရင် ကြီးမားတဲ့ ပြဿနာ ဖြစ်လာပါမယ်။ အထူးသဖြင့် OLED မျက်နှာပြင် အများစုဟာ အချိန်ကြာလာတာနဲ့ ပျက်စီးတတ်ပါတယ်။ မျက်နှာပြင် ပျက်စီးမှု အချိန်အတိုင်းအတာက လအနည်းငယ် ဒါမှမဟုတ် နှစ်အနည်းငယ် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge