Oppo Reno 3 စီးရီးဖုန်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကုမ္ပဏီက လွန်ခဲ့တဲ့တစ်ပတ်လောက်က Oppo Reno 3 Pro 5G ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ Oppo Reno 3 Pro 5G ဖုန်းမှာ ကင်မရာ ၄ လုံးနဲ့ ပါးလွှာတဲ့ဒီဇိုင်း အသုံးပြုထားတယ်လို့ သိရပါတယ်။ အခုဆိုရင် Oppo Reno 3 စီးရီဖုန်းတွေမှာ ဘာတွေပါဝင်လာမလဲ ဆိုတာကို တရားဝင်နဲ့ ကောလာဟလ သတင်းအချက်အလက်တွေ ကိုးကားပြီး အောက်မှာ ဖော်ပြသွားပါမယ်။

Reno 3 Pro 5G နဲ့ Reno 3 5G အတွက် ဝက်ဘ်ဆိုက်စာရင်းကို Oppo ကတရားဝင်တင်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ ကျောဘက် ကင်မရာ ၄ လုံး ပါဝင်လာတတွေ့ရပါတယ်။ ဒါ့အပြင် Pro မော်ဒယ်ဘယ်ဘက်မှာ punch-hole ကိုထည့်သွင်းထားသလို ပုံမှန် Reno 3 မှာတော့ ရေစက်ပုံစံ notch တစ်ခုကို တွေ့ရပါတယ်။ Oppo Reno 10X Zoom Edition မှာမြင်ခဲ့ရတဲ့ Shark Fin pop-up ကင်မရာကို အခုထုတ်ကုန်တွေမှာ မြင်တွေ့ရဖွယ် မရှိပါဘူး။

Oppo ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ Reno 3 Pro 5G မှာ Snapdragon 765G ပရိုဆက်ဆာပါဝင်ပြီး Reno 3 5G မှာတော့ MediaTek 5G chipset အသုံးပြုထားပါတယ်။ MediaTek ကထုတ်ပြန်ထားတဲ့ 5G ပရိုဆက်ဆာ ကတော့ Dimensity 1000 chipset တစ်ခုပဲရှိပါတယ်။ Reno 3 မော်ဒယ်မှာလည်း Dimensity 1000 ပါဝင်လာနိုင်ပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေအရ တရုတ်ရဲ့ TENAA ဆက်သွယ်ရေးဝက်ဘ်ဆိုက် Oppo Reno 3 Pro 5G ဖုန်းဓာတ်ပုံနဲ့ အသေးစိတ် အချက်အလက်ကို တင်ခဲ့ပါတယ်။ အဲဒီပုံအရ ဖုန်းရဲ့ဘယ်ဘက်မှာ punch-hole ပါဝင်ပြီး ကျောဘက်မှာလည်း ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။

TENAA စာရင်းမှာ မျက်နှာပြင် ၆.၅ လက်မ FHD+ AMOLED မျက်နှာပြင် (in-display fingerprint နဲ့အတူ) ဘက်ထရီ 3,935mAh နဲ့ RAM 8GB အပြင် storage 128GB ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။

Oppo Reno 3 Pro 5G ရဲ့ကင်မရာတွေထဲမှာ 48MP+13MP+8MP+2MP (ကင်မရာတစ်လုံးမှာ 5X zoom) ပါဝင်တယ်လို့ အခြား အသေးစိတ် အချက်အလက်မှာ ဖော်ပြထားပါတယ်။ ဖုန်းရဲ့ ရှေ့ကင်မရာက 32MP ဖြစ်သလို Android 10 ပါဝင်ပေမယ့် နားကြပ်ပေါက် ပါဝင်ဖွယ် မရှိပါဘူး။

စိုးထက်
Ref: AndroidAuthority