Oppo A92

Price – 379,900 Ks (8/128GB)

အားသာချက်

ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိသလို ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ 1080p Display အသုံးပြုထားတာ၊ 18W မြန်ဆန်တဲ့အားသွင်းစနစ်၊ OTG စနစ်၊ Punch-hole selfie ကင်မရာစနစ်တွေ ထောက်ပံ့ပါဝင်တဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်မျှတမှုရှိတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

3D ဂရပ်ဖစ်ဂိမ်းတွေဆော့ကစားနိုင်မှာ မဟုတ်သလို ကင်မရာစနစ်မှာ OIS စနစ် မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 665 (11 nm) CPU
  • Adreno 610 GPU
  • 8GB RAM
  • 128GB; microSDXC
  • Android 10, ColorOS 7.1

Oppo A92 မှာ အမြန်နှုန်း 2.0GHz ရှိတဲ့ Qualcomm Snapdragon 665 chipset ၊ Adreno 610 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ထည့်သွင်းထားပြီး သူ့အရင်ထွက်ထားတဲ့ A9 2020 မှာ သုံးထားတဲ့ spec အတိုင်းပဲ ဒီဖုန်းမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်။ OS ကတော့ Android 10 အခြေခံ ColorOS 7.1 စနစ်ကို ထည့်သွင်း အသုံးပြုထားပါတယ်။ Snapdragon 665 processor နဲ့ 8GB RAM စနစ်တွေက နေ့စဉ် App တစ်ခုထက်ပိုတဲ့ multi tasks အသုံးပြုမှုအတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပေမယ့် ဂိမ်းစွမ်းဆောင်ရည်ပိုင်းကတော့ 3D ဂရပ်ဖစ်ဂိမ်းတွေကို High res နဲ့ ကစားဖို့အတွက်တော့ သင့်တော်မှာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ Oppo ရဲ့ Hyper Boost Engine က ဂိမ်းစွမ်းဆောင်ရည်ကို အကောင်းဆုံး ရရှိအောင် ထောက်ပံ့လုပ်ဆောင်ပေးတယ် ဆိုရင်တောင်မှ lowest setting နဲ့ ဂိမ်းကစားတဲ့အခါမျိုးမှာ frame rate က ကျကျသွားတာကြောင့်ပါ။ ဒါပေမဲ့ benchmark ရမှတ်တွေကတော့ ပေးရတဲ့ ဈေးနဲ့ဆိုရင်တော့ mid-range ဖုန်းတစ်လုံးအတွက် ကျေနပ်စရာလို့ ဆိုရမှာပါ။ GeekBench (multi-core) ရမှတ် ၁၁၆၇ ၊ AnTuTu 8 ရမှတ် ၁၈၆၀၀၃ နဲ့ 3D Mark SSE (OpenGL ES 3.1) ရမှတ် ၁၁၂၀ ရှိပြီး လက်ရှိခေတ်စားနေတဲ့ အွန်လိုင်းဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာ ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အသံထွက်ပိုင်းက A9 2020 လိုပဲ ကျေနပ်စရာပါ။ လက်ဗွေစနစ်အပြင် Face Unlock နဲ့ USB OTG စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Punch-hole selfie camera
  • 6.5 inches, IPS LCD display
  • 19.5:9 aspect ratio
  • Fingerprint (side-mounted)
  • 192g

A92 ရဲ့ ဒီဇိုင်းက ပရီမီယံဆန်သလို ဆွဲဆောင်မှုရှိတဲ့ 3D curved ဒီဇိုင်းလို့ဆိုရမှာပါ။ သတ္တုဖရိန်ကိုယ်ထည် ဖြစ်ပေမယ့် ကျောဘက်ကာဗာက ပလတ်စတစ်ဖြစ်ပြီး ရှေ့နောက် မျက်နှာပြင်တွေကို Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ကျောဘက်ကာဗာဒီဇိုင်းက ရောင်ပြေးပုံစံ ဖန်တီးထားပြီး ကျောဘက်ကင်မရာလေးလုံးကို နောက်ဆုံးထွက် flash မော်ဒယ်ဖုန်းတွေလို ထည့်သွင်းထားတာ သဘောကျစရာပါ။ Oppo A9 2020 နဲ့ မတူတဲ့ အချက်တစ်ခုက ကိုယ်ထည်မှာ ကင်မရာထည့်သွင်းပုံလို့ ပြောရမှာ ဖြစ်သလို လက်ဗွေစနစ်ကိုလည်း A9 2020 တုန်းကလို မဟုတ်ဘဲ ညာဘက် ဘေးဘောင်ထဲမှာ ပြောင်းလဲထည့်သွင်းပေးထာပါတယ်။ ရှေ့ဘက်ကင်မရာကိုတော့က punch-hole အနေနဲ့ Screen ထဲမှာ ထည့်သွင်းထားပြီး notch မပါတဲ့ မျက်နှာပြင်ပုံစံ အသုံးပြုရမှာဖြစ်သလို ဖုန်းဒီဇိုင်းအပြင်အဆင်အားလုံးက flagship ဖုန်းတစ်လုံးရဲ့ သွင်ပြင်လက္ခဏာ အပြည့်ရှိတယ်လို့ ဆိုရမှာပါ။ ဖုန်းရဲ့ ဘယ်ဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်နဲ့ SIM ကတ်ပေါက်တွေ ထည့်သွင်းထားပါတယ်။​အောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်၊ အားသွင်းပေါက်နဲ့ စတူဒီယိုစပီကာစနစ်ကို တပ်ဆင်ထားပါတယ်။ လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျ ရှိပါတယ်။

ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၄ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 405 ppi ရှိပါတယ်။ 1080p Fullscreen မျက်နှာပြင်က ရုပ်ထွက်ကာလာ contrast ပိုင်း ကြည်လင်ပြတ်သားမှု ရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness က ကျေနပ်စရာပါ။ Display ရဲ့ ppi က A9 2020 ထက်ပိုပြီး မြင့်မားကောင်းမွန်လာတာက သဘောကျစရာပါ။

ကင်မရာ

  • Standard: 48MP (wide), f/1.7, PDAF
  • 8MP, f/2.2 (ultrawide)
  • 2MP, f/2.4 (B/W)
  • 2MP, f/2.4 (depth)
  • Selfie : 16M, f/2.0 (wide)
  • Video : 4K@30fps; 1080p@30/120fps
  • Gyro-EIS, LED flash, HDR, Panorama

A92 ဖုန်းက A9 2020 ကို အဆင့်မြှင့်တင်ထားတဲ့ ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ ဒီဖုန်းရဲ့ ကင်မရာစနစ်ကလည်း A9 2020 ထက် ပိုကောင်းလာတာ ကျေနပ်စရာပါ။ ဒီဖုန်းမှာ A9 2020 နဲ့ မတူတာက aperture နည်းနည်းပိုကြီးတဲ့ အဓိက ကင်မရာကို ပြောင်းလဲ အသုံးပြုထားတာနဲ့ ကင်မရာကို ထည့်သွင်းထားတဲ့ ဒီဇိုင်းပိုင်းပါ။ 48MP အဓိက ကင်မရာက A92 မှာ aperture f/1.7 နဲ့ ဖြစ်ပြီး A9 2020 တုန်းက aperture f/1.8 အမျိုးအစားကို အသုံးပြုခဲ့တာဖြစ်ပြီး ကျန်တဲ့ ကင်မရာသုံးလုံးဖြစ်တဲ့ ultrawide, depth နဲ့ monochrome တွေကတော့ A9 2020 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကင်မရာလေးလုံးကို ကျောဘက်မှာ LED flash နဲ့ တွဲပြီး ဒေါင်လိုက်ဒီဇိုင်းနဲ့ ထည့်သွင်းထားပါတယ်။ ultra-wide ကင်မရာက ၁၁၉ ဒီဂရီမြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစွမ်းဆောင်ရည်ပိုင်းက နေ့ပိုင်း အလင်းရောင်ထဲရိုက်ကူးမှုအတွက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို Pro mode ထောက်ပံ့ပါဝင်တဲ့အတွက် manual အနေနဲ့ ချိန်ညှိရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ညပိုင်းနဲ့ ပတ်ဝန်းကျင်အလင်းအားနည်းတဲ့ အခြေအနေ ရိုက်ကူးမှုကလည်း အရည်အသွေးကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ဒါကလည်း အဆင့်မြင့်လာတဲ့ Oppo ရဲ့ Night mode နည်းပညာသစ်ကြောင့်လို့ ပြောလို့ရပါတယ်။ ရှေ့ဘက်မျက်နှာပြင်ထဲက 16MP selfie ကင်မရာကို punch-hole ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တာ နှစ်ခြိုက်စရာပါ။ ကင်မရာစနစ်မှာ PDAF နည်းပညာ၊ gyro-EIS နည်းပညာ ထောက်ပံ့ပါဝင်ပြီး 30fps ဗီဒီယိုကို 4K အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို slo-mo ဗီဒီယိုကို 1080p နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

  • Li-Po 5000mAh
  • 18W Fast Charging
  • 2.0, Type-C, USB On-The-Go

ဒီဖုန်းမှာ A9 2020 မှာသုံးခဲ့တဲ့ 5000mAh ပမာဏ ဘက်ထရီကို အသုံးပြုထားပြီး A9 2020 နဲ့မတူတာက အားသွင်းစနစ်ကို USB Type-C အမျိုးအစား ပြောင်းလဲသုံးထားသလို 18W အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ airplane mode မှာထားပြီး Screen တောက်ပမှု ၅၀ ရာခိုင်နှုန်း၊ အသံထွက်အကျယ် ၅၀ ရာခိုင်နှုန်းနဲ့ 1080p အရည်အသွေး ဗီဒီယိုကို အဆက်မပြတ်ဖွင့်ထားတာကို ၁၇ နာရီနဲ့ မိနစ် ၂၀ ကြာ ကြည့်ရှုနိုင်တာ သဘောကျစရာပါ။ ပုံမှန် အသုံးပြုမှုကတော့ ၂ ရက်လောက် သာသာလေးသုံးနိုင်မှာ ဖြစ်ပြီး သွားလေရာ အားသွင်းကြိုး ယူသွားရတဲ့ ဒုက္ခမရှိဘဲ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက်

A9 2020 ကို အကောင်းဆုံး အဆင့်မြှင့်တင်ထားတဲ့ ဒီဖုန်းက ဈေးအရဆိုရင်တော့ သုံးရတာ တော်တော်လေးတန်တယ်လို့ ဆိုရမှာပါ။ ပရီမီယံ flagship ဒီဇိုင်း၊ 1080p Display, 18W Quick Charging, USB OTG နဲ့ အချိန်ကြာကြာအသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေထောက်ပံ့ပါဝင်တာက မြင်ကွင်းကျယ်ဖုန်းအတွက် သဘောကျစရာပါ။ ကင်မရာစနစ်က Mid-range ဖုန်းတစ်လုံးထက် ပိုမိုတယ်လို့ ခံစားရမှာဖြစ်ပေမယ့် ကင်မရာစနစ်မှာ OIS စနစ်တော့ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။ မိမိက ဆိုရှယ်မီဒီယာသုံးရတာ ပိုနှစ်သက်ပြီး ဂိမ်းက ပထမဉီးစားပေး မဟုတ်ရင်တော့ ဒီဖုန်းက ပေးရတဲ့ ဈေးနဲ့ တန်အောင်သုံးရမယ့် ဖုန်းလို့ ဆိုချင်ပါတယ်။ နောက်ပြီး ဖုန်းကို ဖုန်းပြောရုံသာမဘဲ မာတီမီဒီယာထုတ်ကုန်တစ်ခုလို စွမ်စုံသုံးချင်သူတွေနဲ့ မြင်ကွင်းကျယ်ကျယ်၊ ဒီဇိုင်းလှပပြီး ဘက်ထရီကြာကြာ သုံးနိုင်တဲ့ ဖုန်းကို ကိုင်ချင်သူတွေအတွက် ဒီဖုန်းက mid-range ဖုန်းတွေထဲက ထိပ်တန်းရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။

Display
Performance
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း

စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ……
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 ၊ မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ