Oppo A5 (2020)

စျေးနှုန်း – 299,900 Ks (4GB/64GB)

အားသာချက်

ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်ပြီး ဆန်းသစ်မှုရှိတဲ့ ကင်မရာလေးလုံး တပ်ဆင်အသုံးပြုထားမှုနဲ့ ရှေ့နောက် ကင်မရာစနစ်တွေက ဓာတ်ပုံရိုက်ကူးမှုအတွက် ကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ Power bank/Reverse charging စနစ်ပါဝင်တာကလည်း ဒီဖုန်းရဲ့ ထူးခြားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

အားနည်းချက်

Display ကတော့ Full HD မဟုတ်တာနဲ့ ကင်မရာစနစ်မှာ OIS စနစ်မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

• Qualcomm Snapdragon 665 (11 nm) CPU • Adreno 610 GPU
• 4GB RAM • 64GB; microSDXC, up to 256GB

ဒီဖုန်းမှာ Snapdragon 665 ကို သုံးထားပေမယ့် Snapdragon 660 နဲ့ စွမ်းဆောင်ရည်က သိပ်မကွာဘူးလို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ 665 CPU က 660 CPU နဲ့ အမြန်နှုန်းချင်း သိပ်မကွာလှပေမယ့် 665 CPU က ဂရပ်ဖစ်ပိုင်း ပိုမို ကောင်းမွန်တဲ့အတွက် ဂိမ်းကစားတဲ့အခါမှာတော့ PUBG အပါအဝင် အခြား high-end ဂိမ်းတွေကို medium နဲ့ High setting နှစ်မျိုးစလုံး ကောင်းစွာ ကစားနိုင်ပါတယ်။ ဂရပ်ဖစ်အတွက် Adreno 610 GPU စနစ်ထောက်ပံ့ပါဝင်ပြီး 4GB RAM နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB ရှိပါတယ်။ Android 9 Pie အခြေခံထားတဲ့ ColorOS 6.1 က လုပ်ဆောင်ချက်တွေ စုံလင်လှပြီး bloatware တွေ များစွာပါဝင်ပေမယ့် အလွယ်တကူ uninstall နဲ့ disable လုပ်သုံးနိုင်တာက ကျေနပ်စရာပါ။ လက်ဗွေလုံခြုံရေးစနစ် အပြင် မျက်နှာပြင်နဲ့ ဖုန်းမြင်ကွင်းကို unlock လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• Waterdrop notch • 6.5-inch IPS LCD display
• Gorilla Glass 3 • 20:9 aspect ratio (270 ppi density)
• fingerprint (rear) • 195g

ဒီဇိုင်းနဲ့ ကင်မရာစွမ်းဆောင်ရည်တွေက OPPO ဖုန်းတွေကို သုံးစွဲသူတွေ သိတဲ့အချက်တစ်ခု ဖြစ်သလို ဒီဖုန်းကလည်း ဒီဇိုင်းနဲ့ ကင်မရာတပ်ဆင်ထားမှုပုံစံတွေက စတိုင်ကျမှုရှိပါတယ်။ ကျောဘက်က ချောမွေ့တဲ့ Gorilla Glass ဖန်သားနဲ့အုပ်ထားပြီး mirror black အနက်ရောင်ဖုန်းဆိုရင် ကျောဘက်က တကယ့်မှန်လိုမျိုး တောက်ပမှုရှိတဲ့အတွက် ပရီမီယံဆန်ပြီး ကိုင်တွယ်ရတာ ကောင်းမွန်မှုရှိပါတယ်။ ကျောဘက်ကင်မရာရဲ့ ကပ်လျက် အောက်ဘက်မှာ လက်ဗွေစနစ်ကို တပ်ဆင်ထားပြီး အသံအတိုးအကျယ်ခလုတ်က ဘယ်ဘက်နဲ့ ပါဝါခလုတ်က ညာဘက်ဘောင်ထဲမှာရှိပါတယ်။ SIM ကတ်ပေါက်ကတော့ အသံအတိုးအကျယ်ခလုတ် အပေါ်ဘက်မှာရှိပြီး နားကြပ်ပေါက်ကတော့ ဖုန်းအောက်ဘက်ဘောင် အားသွင်းပေါက်ရဲ့ ဘယ်ဘက်မှာ ရှိပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၅ လက်မရှိတဲ့ HD+ IPS LCD Display မျက်နှာပြင်က ရုပ်ထွက်အရည်အသွေး 720×1520 pixel အထိ ထောက်ပံ့ပေးနိုင်ပြီး Gorilla Glass 3 နဲ့ ဖုန်းအုပ်ကာကွယ်ပေးထားပါတယ်။ Full HD Screen မဟုတ်ပေမယ့် ပုံမှန်နေ့စဉ် အသုံးပြုဖို့အတွက်က အဆင်ပြေမှုရှိတယ်လို့ ဆိုရမှာပါ။ ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၂.၇ ရာခိုင်နှုန်းရှိပြီး ၁၉၅ ဂရမ် အလေးချိန်က ကိုင်ရတာ အနည်းငယ် အလေးချိန်ရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။

ကင်မရာ

• Standard: 12MP, f/1.8, PDAF • Ultra-wide 8MP, f/2.2
• Monochrome 2MP, f/2.4 • Depth 2MP, f/2.4
• EIS, 4K 30fps, Full HD 30fps • Selfie camera: 8MP, f/2.0

OPPO A5 2020 ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားပြီး အဓိက ကင်မရာတစ်လုံး၊ မြင်ကွင်းကျယ်ကင်မရာ၊ Monochrome ကင်မရာနဲ့ depth ကင်မရာတွေကို ဒေါင်လိုက်ကင်မရာ တပ်ဆင်ထားပြီး သူ့ရဲ့ Monochrome ကင်မရာက ဘယ်လို အခြေအနေမျိုးမှာမဆို အကောင်းဆုံးဓာတ်ပုံတွေ ရိုက်ကူးနိုင်တာက နှစ်သက်စရာပါ။ 5x zoom စနစ်ကတော့ အနည်းငယ် ကြည့်ရတာ ဝါးတယ်လို့ခံစားရပေမယ့် Ultra Night Mode 2.0 ကတော့ တော်တော်လေးကျေနပ်စရာကောင်းလှပါတယ်။ အလင်းအားနည်းတဲ့ အနေအထားမျိုးမှာ ရိုက်ကူးတာကတော့ ကာလာပိုင်းကျေနပ်စရာကောင်းသလို ရုပ်ထွက်ပိုင်းလည်း ကောင်းမွန်တယ်လို့ ဆိုရမှာပါ။

ရှေ့ဘက် 8MP AI selfie ကင်မရာက သဘာဝကျတဲ့ ရုပ်ထွက်ကာလာနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှုမှာတော့ 4K ဗီဒီယိုနဲ့ 1080p ဗီဒီယိုတွေကို 30fps နှစ်မျိုးနဲ့ရိုက်ကူးနိုင်ပြီး ကင်မရာစနစ်မှာ PDAF နည်းပညာနဲ့ EIS နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

• 5000mAh • Power bank/Reverse charging
• 2.0, USB Type-C • USB On-The-GO

ဒီဖုန်းမှာ 5000mAh ပမာဏ ဘက်ထရီက ပုံမှန်အားဖြင့် တစ်ရက်ခွဲ အသုံးပြုနိုင်သလို ဂိမ်းကစားမယ်ဆိုရင်တော့ ၉ နာရီကြာ အသုံးပြုနိုင်မှာပါ။ ၁၀ ဝပ် အားသွင်းခေါင်းထည့်သွင်းပေးထားပြီး ဘက်ထရီအားသွင်းစနစ်က USB Type C အမျိုးအစား ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အားသွင်းပေါက်ရဲ့ USB OTG စနစ်ကို အသုံးပြုကာ အခြားဘယ်ဖုန်းကိုမဆို အားပြန်သွင်းပေးနိုင်တဲ့ Power bank/Reverse charging နည်းပညာ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ ဈေးကွက်ထဲက ဈေးနှုန်းသိပ်မကွာတဲ့ ပြိုင်ဘက်ဖုန်းတွေထက် အားသာတဲ့အချက်တစ်ခုလို့ ဆိုရမှာပါ။

သုံးသပ်ချက်

Oppo A5 (2020) က ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ ဒီဇိုင်း၊ ကင်မရာစနစ်၊ ဟာ့ဒ်ဝဲစွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားသလို အခြားဖုန်းတစ်လုံးကို အားပြန်သွင်းပေးနိုင်တဲ့ နည်းပညာ အပိုထောက်ပံ့ပါဝင်လာတာက နေ့စဉ်အသုံးပြုမှုအတွက် ဖုန်းတစ်လုံးထက် ပိုတဲ့ လုပ်ဆောင်ချက်တစ်ခု အပိုပါလာသလိုပါပဲ။ မိမိအနေနဲ့ ဒီဖုန်းနဲ့ စွမ်းဆောင်ရည်ပိုင်း သိပ်မကွာဘဲ Screen ပိုင်း ပိုကောင်းတာဆိုရင်တော့ ပြီးခဲ့တဲ့ တစ်ပတ်က ရေးသားခဲ့တဲ့ Full HD display နဲ့ ထုတ်ထားတဲ့ Xiaomi Redmi Note 8 လိုဖုန်းမျိုးရှိပေမယ့် ဒီဇိုင်းလှပသလို အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီနဲ့ သင့်တင့်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကင်မရာစနစ်နဲ့ ဖုန်းကို Powerbank တစ်လုံးလိုပါ အသုံးပြုနိုင်တဲ့ အလယ်အလတ်တန်းစား ဖုန်းကို သုံးချင်တယ်ဆိုရင်တော့ Oppo A5 2020 က ရွေးချယ်စဉ်းစားသင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Display
Performance 
Camera 
Battery
Hand On 
Over All 

-ရဲထွဋ်ဝင်း