
ဈေးနှုန်း -၁၉၉,၉၀၀ ကျပ် (4/64GB)
အားသာချက်
ကိုယ်ထည်ဒီဇိုင်း ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိပြီး ကိုင်ရတာ အံဝင်ခွင်ကျရှိတာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်တာ၊ microSD ကတ် ထပ်စိုက်နိုင်တဲ့ သီးသန့် slot ပါတာနဲ့ ဖုန်းစွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
ကင်မရာစနစ်က entry-level ဖုန်းအတွက် အဆင်ပြေတယ် ဆိုပေမယ့် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် သိပ်အားမရတာနဲ့ ၂၀၂၀ ထွက်ဖုန်း ဖြစ်ပေမယ့် OS က update မဖြစ်ဘူးလို့ ခံစားရတာတွေက ဒီဖုန်းရဲ့အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
OPPO A12 က entry-level ဖုန်းအမျိုးအစားဖြစ်တဲ့အတိုင်း entry-level chipset ဖြစ်တဲ့ MediaTeck Helio P35 processor ၊ PowerVR GE8320 GPU စနစ်၊ RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64GB ပါဝင်ပါတယ်။ အချက်အလက် သိုလှောင်မှုကို microSD ကနေ 256GB ထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းက ပေးရတဲ့ဈေးနဲ့ ဆိုရင်တော့ ကောင်းမွန်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ GeekBen 5 (multi-core) ရမှတ် ၉၂၁ ရှိပြီး အွန်လိုင်းဂိမ်းကစားတာကို Low, medium ဂရပ်ဖစ်နဲ့ ကစားနိုင်မှာ ဖြစ်ပေမယ့် ဂရပ်ဖစ်ဂိမ်းအမြင့်တွေ ကစားနိုင်မှာ မဟုတ်ပါဘူး။ overall စွမ်းဆောင်ရည်က entry-level ဖုန်းတစ်လုံး အတွက် ကျေနပ်စရာ စွမ်းဆောင်ရည်လို့ ပြောလို့ရတယ်။ အသံထွက်ပိုင်းက ကျယ်လောင်မှုရှိပြီး Android 9 အခြေခံ ColorOS 6.1 ကို သုံးထားပါတယ်။ ၂၀၂၀ ထွက် ဖုန်းတော်တော်များများက Android 10 အခြေခံနောက်ဆုံး OS တွေ ပါဝင်ပေမယ့် ဒီဖုန်းမှာ Android 9 ကို အခြေခံ OS ပဲပါသေးတာက နောက်ပိုင်း update မှာ Android 10 ကို ပြောင်းသုံးနိုင်မယ်လို့ ထင်ပါတယ်။ ColorOS 6.1 မှာ အသုံးဝင်တဲ့ App cloner, Game spae နဲ့ gesture control တွေနဲ့ အခြား Bloatware app တွေပါဝင်လာပြီး လက်ဗွေစနစ်ကလည်း သုံးရတာ မြန်ဆန်မှုရှိပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
OPPO A12 ရဲ့ ကိုယ်ထည်က ပိုလီကာဗွန်နိတ်အမျိုးအစား ဖြစ်ပြီး ကျောဘက်မှာ 3D စိန်ပွင့်ပုံစံဒီဇိုင်းနဲ့ ဖန်တီးထားတာက ဆွဲဆောင်မှုရှိသလို လက်ထဲမှာကိုင်ရတာလည်း အံဝင်ခွင်ကျရှိလှပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးကို အလျားလိုက် ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ drewdrop notch ထဲမှာ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ညာဘက်ဘောင်ထဲက ပါဝါခလုတ်နဲ့ ဘယ်ဘက်မှာတော့ အသံအတိုးအကျယ် ခလုတ်တွေကို SIM ကတ်ပေါက်အောက်ဘက်နားမှာ ထည့်သွင်းထားပြီး SIM အထိုင်က 4G SIM နှစ်ကတ်နဲ့ microSD ကတ်ပါ တစ်ပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ နောက်ဘက်ကာဗာမှာ ထည့်သွင်းထားပြီး အောက်ဘက်ဘောင်ထဲမှာ USB 2.0 အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။
ဒီဖုန်းရဲ့ ၆.၂၂ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 720×1520 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၂.၀ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 270 ppi ရှိပါတယ်။ HD+ screen က နေရောင်အောက်မှာ အသုံးပြုမှုအတွက်လည်း အဆင်ပြေလှပြီး ကာလာပိုင်းလည်း စိုပြည်မှုရှိပါတယ်။ မြင်ကွင်းနဲ့ ဘက်ထရီအရွယ်အစား ကြီးမားတဲ့ ဖုန်းဖြစ်ပေမယ့် ၁၆၅ ဂရမ် အလေးချိန်က ကိုင်ရတာ ပေါ့ပါးမှုရှိတာ ကျေနပ်စရာပါ။
ကင်မရာ
|
|
|
|
|
အခု နောက်ပိုင်းထွက် ဖုန်းတော်တော်များများမှာ ကျောဘက်ကင်မရာ ၃ လုံး သို့မဟုတ် ၄ လုံးထည့်သွင်းလာကြပေမယ့် OPPO A12 ရဲ့ ကျောဘက်မှာတော့ ကင်မရာ ၂ လုံးပဲထည့်သွင်းထားတာ တွေ့ရပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ Redmi Note 8 နဲ့ realme 5 ဖုန်းတွေမှာ ကင်မရာ ၄ လုံးပါဝင်ပြီး ဈေးကလည်း သိပ်မကွာလှပါဘူး။ aperture f/2.2 ရှိတဲ့ 13MP wide ကင်မရာနဲ့ aperture f/2.4 ရှိတဲ့ 2 MP depth ကင်မရာတွေ တပ်ဆင်ထားပြီး နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုက entry-level ဖုန်းတစ်လုံးအတွက် ကောင်းမွန်မှုရှိတယ်လို့ သုံးသပ်ရမှာပါ။ ကင်မရာစနစ်မှာ PDAF နည်းပညာ၊ LED flash,HDR စနစ်၊ panorama, Expert,Time-lapse စတဲ့ စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။
ရှေ့ဘက် 5MP AI selfie ကင်မရာက aperture f/2.0 ရှိပြီး selfie ပုံရဲ့ ရုပ်ထွက်ပိုင်းကလည်း entry-level ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။ ကျောဘက်ကင်မရာနဲ့ 1080p ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
|
|
|
OPPO A12 မှာ 4230mAh ပမာဏ ဘက်ထရီကို အသုံးပြုထားပြီး microUSB 2.0 အားသွင်းစနစ်နဲ့ အတူ 10W အားသွင်း Charger ပါဝင်မှာ ဖြစ်ပါတယ်။ USB OTG စနစ် ထောက်ပံ့ပါဝင်ပါတယ်။ HD+ display နဲ့ power-saving CPU တွေ အသုံးပြုထားတဲ့အတွက် ဘက်ထရီနဲ့ကို တစ်ရက်ခွဲလောက် အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် အားသွင်းစနစ်ကတော့ ကြီးမားတဲ့ဘက်ထရီကို အပြည့်သွင်းဖို့ အချိန်အနည်းငယ် ကြာမြင့်မှာ ဖြစ်ပါတယ်။
သုံးသပ်ချက်
OPPO A12 က ကျပ်နှစ်သိန်းအောက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ entry-level ဖုန်းလို့ဆိုရမှာပါ။ ဒါပေမဲ့ ကင်မရာပိုင်း၊ display ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းပြီး ဈေးသိပ်မကွာတဲ့ နောက်ဆုံးထွက် Android 10 ပါဝင်တဲ့ ဖုန်းတွေလည်း ဈေးကွက်ထဲမှာ များစွာရှိပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ Redmi Note 8 နဲ့ realme 5 ဆိုရင် ကျောဘက်ကင်မရာလေးလုံး ပါပါတယ်။ သင့်အနေနဲ့ entry-level ဖုန်းထဲက ဒီဇိုင်းလှပြီး မြင်ကွင်းကြီးမားသလို ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တဲ့ ဖုန်းကို ကိုင်ချင်တယ်ဆိုရင်တော့ ဒီဖုန်း ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««