OPPO မှကမ္ဘာ့ အပါးလွှာဆုံး နည်းပညာမြင့် စမတ်ဖုန်းအား မိတ်ဆက်ပြသ

10174796_998248916867820_3719677389531376233_n.jpg

OPPO ဖုန်းကုမ္ပဏီမှ ၄င်းတို့၏ ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်သော OPPO R5 နှင့် နည်းပညာမြင့် ကင်မရာဖုန်းအမျိုးအစား တစ်ခုဖြစ်သော OPPO N3 တို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်က စင်ကာပူနိုင်ငံတွင် မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို OPPO မှ နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ဖိတ်ကြား ပြသခဲ့ခြင်းဖြစ်ပြီး ယင်းမိတ်ဆက် ပြသပွဲ အခမ်းအနားသို့ ပရိသတ်ပေါင်း ၁,၅၀၀ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြသည်။

မိတ်ဆက်ပွဲတွင် OPPO မှ ၄င်းတို့၏ ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းဖုန်း ထုတ်ကုန်သစ် တစ်ခုဖြစ်သည့် R5 နှင့် ကင်မရာ အကောင်းမွန်ဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်သော N3 တို့ကို မိတ်ဆက်ပြသခဲ့ပြီး အဆိုပါ ဖုန်းမျာတွင် အသုံးပြုထားသော Hardwae နည်းပညာပိုင်းနှင့် ဖုန်းတွင်း အသုံးပြု နည်းပညာများကို ရှင်းလင်းတင်ပြခဲ့သည်။ R5 မှာ အထူ 4.85 မီလီမီတာ (0.48) စင်တီမီတာသာ ရှိသောကြောင့် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစားတစ် ခုဖြစ်ပြီး သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော်လည်း ပါးလွှာသည့် ကိုယ်ထည်အတွင်းရှိ Hardware များ၏ လုပ်ဆောင်ချက်များကြောင့် ဖုန်းအားပူနွေးခြင်း မရှိစေရန်အတွက် ကောင်းမွန်သော နည်းပညာများဖြင့် ပြုလုပ် ဖန်တီးထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် N3 မှာလည်း ယခင်ထွက်ခဲ့သော N1, N1 Mini တို့ကဲ့သို့ပင် ကင်မရာ တစ်ပတ်လှည့်နိုင်သော ဖုန်းအမျိုး အစားဖြစ်သော်လည်း ကင်မရာအား လက်ဖြင့် လှည့်ရန်မလိုအပ်တော့ဘဲ ကင်မရာလှည့်ပြောင်းခြင်းများအား Screen ပေါ်မှပင် ထိန်းချုပ်အသုံးပြုနိုင်စေရန်အတွက် ပြုလုပ်ဖန်တီးထားသည့်အပြင် ကင်မရာနည်းပညာ ပိုင်းများတွင်လည်း အကောင်းမွန်ဆုံးသော အရည်အသွေးမြင့် ကင်မရာစနစ်တစ်ခု ဖြစ်စေရန်အတွက် ပြုလုပ် ထားကြောင်း သိရသည်။ N3 ၏ ကင်မရာတွင် ကောင်းမွန်သော မှန်ဘီလူးများအား အသုံးပြုထားသည့်အပြင် DSLR ကင်မရာ တစ်လုံးကဲ့သို့ စွမ်းဆောင်ရည်များအား မြင်တွေ့ခံစား အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ မိုဘိုင်းဖုန်း ထုတ်ကုန်သစ် နှစ်ခုအား ပြည်တွင်းဈေးကွက်သို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းခန့်တွင် စတင်ရောင်းချ ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ OPPO N3 အား ကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း၊ R5 အား ကန်ဒေါ်လာ ၄၉၉ ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း OPPO မှ General Manager Sky Li က ပြပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။