Open Government Data မူဝါဒရေးဆွဲနိုင်ရေးစီစဉ်

Open Government Data မူဝါဒရေးဆွဲနိုင်ရေးအတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

အစိုးရရဲ့ ဝန်ဆောင်မှုတွေနဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အသုံးချနိုင်ဖို့ အစိုးရဌာနတွေရဲ့သတင်းအချက်အလက်တွေကို ဘုံအဖြစ်စုစည်းတည် ဆောက်ပြီးမျှဝေ အသုံးပြုသွားရမှာဖြစ်ကြောင်း၊ အဲဒီအတွက် လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ Open Government Data မူဝါဒ၊ နည်းဥပဒေ၊ စံသတ်မှတ်ချက်နဲ့ လမ်းညွှန်ချက်တွေကို ရေးဆွဲချမှတ်ဖို့ လိုအပ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ Open Government Data မူဝါဒရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာလို့ သိရပါတယ်။

လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ကိုးရီးယားသမ္မတနိုင်ငံ၊ Ministry of Science, ICT and future planning (MSIP) မှ မြန်မာနိုင်ငံကို အကြံပြုကူညီပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြောင်း၊ အကြံပြုရေးဆွဲနေတဲ့ မူဝါဒဆိုင်ရာအကြံပြုချက် (မူကြမ်း) တွေကို အစိုးရ အဖွဲ့အစည်းအသီးသီးမှ CIO တွေကို ရှင်းလင်းတင်ပြပြီး အကြံပြုချက်တွေ ရယူသွားနိုင်ဖို့ ရည်ရွယ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အဲဒီအခမ်းအနားမှာ အကြံပြုစီမံချက်နဲ့ ပတ်သတ်တဲ့ အခြေအနေတွေ Open Government Data ပေါ်လစီရေးဆွဲရာမှာ အကြံပြုပေးခြင်း၊ စီမံကိန်းနဲ့ စပ်လျဉ်းတဲ့ ဆန်းစစ်ချက်တွေ အစရှိတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

-ထွန်းထွန်း