Ooredoo မှ ဧရာဝတီတိုင်းရှိ စာသင်ကျောင်းနှစ်ကျောင်းသို့ အလှူငွေပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်တွေရဲ့ ပညာရေးနဲ့လူမှုဖွံ့ဖြိုးရေး တိုးတက်ဖို့အတွက် အူရီဒူးမြန်မာမှ ပုသိမ်မြို့ရှိ ပညာပါရမီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ အောင်သပြေဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့ကို ဒီဇင်ဘာ ၆ ရက်က လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

“သင်ကြားရေးဆိုင်ရာ စာသင်ဆောင်တစ်ခုကို လှူဒါန်းပေးရုံမျှမကဘဲ ဆက်သွယ်ရေးနည်းပညာသုံး ကွန်ပျူတာစာသင်ခန်းကိုပါ ကူညီလှူဒါန်းပေးခြင်း ဖြစ်ပါတယ်။ ဒီဂျစ်တယ် နည်းပညာနဲ့ မြန်မာပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေမှာ တိုးတက်ပြောင်းလဲလာပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိဖို့ အူရီဒူးရဲ့ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး အင်တာနက်ချိတ်ဆက်မှုနဲ့ပါ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ CEO ဖြစ်တဲ့ Mr. Vikram Sinha ကပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ပညာပါရမီဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အလှူငွေသိန်းတစ်ရာနဲ့ အောင်သပြေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေ သိန်းနှစ်ရာ စုစုပေါင်း ကျပ်ငွေ သိန်းသုံးရာအပြင် ကွန်ပျူတာများနဲ့ စာရေးကိရိယာတွေကိုပါ အထောက်အပံ့ ပေးခဲ့ပါတယ်။

ဖုန်းတစ်မိနစ်ပြောတိုင်းမှာ ရရှိလာတဲ့ ၁၅ ကျပ်ထဲမှ ၁ ကျပ်ကို စက်တင်ဘာလမှ ယခုလအတွင်း တစ်လတာစုပေါင်းပြီး ရရှိလာတဲ့ အလှူငွေတွေကို လူမှုအကျိုးပြု လုပ်ငန်းတွေအတွက် လှူဒါန်းပေးအပ်ခြင်း ဖြစ်ပါတယ်။

-အောင်သက်ကို