Ooredoo နှင့် Google ပူးပေါင်း၍ ဒီဂျစ်တယ်နည်းပညာ ဗဟုသတတိုးပွားရေး အစီအစဉ် ပြုလုပ်မည်

အူရီဒူးမြန်မာနဲ့ Google ပူးပေါင်းပြီး ဒီဂျစ်တယ်ဗဟုသုတ တိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ ဒီဂျစ်တယ်စနစ် သင်တန်းအစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းမှာ ပြုလုပ်
သွားမယ်လို့ သိရပါတယ်။

“ယနေ့ဒီဂျစ်တယ်ခေတ်မှာ လူတိုင်းဟာ သတင်းအချက်အလက်နည်းပညာနဲ့ အင်တာနက်ကို အကျိုးရှိရှိ တာဝန်သိသိနဲ့ ဘယ်လိုအသုံးချရမယ် ဆိုတာကို သေသေချာချာနဲ့ သိရှိထားရမှာ ဖြစ်ပါ တယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာကြောင့် ဒီဂျစ်တယ်နည်းပညာ ဗဟုသတတိုးပွားရေး အစီအစဉ်ကို အခြေခံပညာအဆင့်ကနေ စတင်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။

“မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အင်တာနက်ကို အချိန်မရွေး အကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့ခေတ်မှာ ကြီးပြင်းလာကြတဲ့အတွက် ဒီဂျစ်တယ်ဆိုင်ရာ ဗဟုသုတရှိမှုဟာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အထင်ရှားဆုံး အကြောင်းအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး လက်တွေ့ဘဝမှာလို အွန်လိုင်းပေါ်မှာပါ အချင်းချင်း စာနာနားလည်စိတ်နဲ့ ဆက်သွယ်ဆက်ဆံကြဖို့ကို ပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသင်တန်းအစီအစဉ်ဟာ ဒီဂျစ်တယ်လုံခြုံရေးနဲ့ အပြန်အလှန်လေးစားမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာပါမက အခြားနေရာပေါင်းများစွာမှာပါ ပြန်လည်ပြောဆိုဆွေးနွေး ဝေမျှနိုင်ဖို့ ဦးဆောင်လမ်းညွှန်ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်” လို့ Google မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ Head of Industry (Tech and Telco) ဖြစ်သူ Su Ann Lim က ပြောပါတယ်။

-အောင်သူ