Ongo app ကိုအသုံးပြု၍ ငွေစုစာရင်းများ စီမံခန့်ခွဲနိုင်ရန် မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် Ongo တို့ပူးပေါင်း

Ongo e-Money နဲ့ မြန်မာအရှေ့တိုင်းဘဏ် (MOB) တို့အနေနဲ့ ၎င်းတို့ customer များအတွက် Ongo မိုဘိုင်း app အသုံးပြုပြီး ငွေစုစာရင်းများ စီမံခန့်ခွဲနိုင်ရန်အတွက် ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

MOB နဲ့ Ongo ရဲ့ ဝန်ဆောင်မှုများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် customer တွေအနေနဲ့ ၎င်းတို့ရဲ့ MOB ငွေစုအကောင့်အတွင်းကို အလွယ်တကူ ငွေကြေး အပြောင်းအရွှေ့လုပ်နိုင်ပြီး အတိုးများ ရယူနိုင်သကဲ့သို့ Ongo e-wallet အတွင်းသို့ ငွေများ လွယ်ကူသက်သာစွာ ထည့်သွင်း ရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။

“၂၀၁၈ တုန်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒီဂျစ်တယ်စနစ်သုံးပြီး လစာငွေပေးတဲ့ ဝန်ဆောင်မှုကို MOB နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးအတွက် ခေတ်မီအဆင့်မြင့်တဲ့ ခြေလှမ်းသစ်တစ်ခုကို လျှောက်လှမ်းဖို့ ထပ်မံ လက်တွဲရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်” လို့ Ongo ရဲ့ CEO ဖြစ်သူ Allen Gilstrap က ဆိုပါတယ်။

MOB နဲ့ Ongo အဖွဲ့အစည်း နှစ်ခုစလုံးရဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းဖုန်းမှတစ်ဆင့် ဘဏ်လုပ်ငန်းများနဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုများကို အလွယ်တကူ ရယူဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“MOB က ကျွန်တော်တို့ရဲ့ customer တွေအတွက် အဆင့်မြင့်ဝန်ဆောင်မှုတွေပေးနိုင်ဖို့ဆိုရင် ခေတ်မီနည်းပညာ၊ ခေတ်မီဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတွင်းမှာ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေနဲ့ မြန်မာနိုင်ငံလို ဈေးကွက်သစ်မှာ ရှာဖွေရခက်ခဲနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုပါတယ်။ Ongo ရဲ့ တည်ဆောက်ပြီးသား အခြေခံအုတ်မြစ်တွေက MOB၊ Ongo ဝန်ဆောင်မှုတွေနဲ့ customer base တွေကို လွယ်လင့်တကူ တိုးတက်စေနိုင်တယ်လေ” လို့ MOB ရဲ့ CEO ဖြစ်သူ Mr. Dominic Notario က ပြောပါတယ်။

-ရဲထွဋ်ဝင်း