OnePlus Nord N10 (5G)

ဈေးနှုန်း – ၃၉၉,၀၀၀ ကျပ် (6/128GB)

အားသာချက်

ဈေးနှုန်းသင့်တင့်မှုရှိသလို 5G ထောက်ပံ့မှု ပါဝင်တာက နှစ်သက်စရာပါ။ 30T Warp Charge စနစ် ထောက်ပံ့ပါဝင်ပြီး Oxygen OS ရဲ့ သုံးရတာ ချောမွေ့ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ၊ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်မှုနဲ့ ကင်မရာစနစ်ရဲ့ ညပိုင်း nightscape ရိုက်ကူးမှုက အလင်းအားနည်းတဲ့ အခြေအနေမှာတောင် ရုပ်ထွက်ပိုင်းကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဒီဇိုင်းက လှပပေမယ့် သိပ်ပြီး ထူးခြားမှုမရှိသလို ultra-wide ကင်မရာရဲ့ စွမ်းဆောင်ရည်ပိုင်းက သာမန်မျှသာရှိတာနဲ့ လက်ဗွေစနစ်က နှေးသလို ခံစားရတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 690 5G (8nm) CPU
  • Adreno 619L GPU
  • 6GB RAM
  • 128GB; microSDXD
  • Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.1
  • Android 10, OxygenOS 10.5

ဒီဖုန်းမှာ Qualcomm ရဲ့ 5G chipset အသစ်ဖြစ်တဲ့ Snapdragon 690 SoC ကို သုံးထားပြီး ဒီ SoC က ၆၀၀ စီးရီးထဲက higher-end SoC တစ်ခု ဖြစ်သလို 5G စနစ်ကို sub-6GHz အနေနဲ့ ထောက်ပံ့ပေးပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 619L GPU စနစ်ကို သုံးထားပါတယ်။ RAM 6GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ Oneplus Nord N10 5G ရဲ့ GeekBench 5 (multi-core) ရမှတ် ၁၈၄၈၊ AnTuTu 8 ရမှတ် ၂၇၉၅၇၉ တွေက Snapdragon 730 နဲ့ 675 chipset ဖုန်းတွေထက် ပိုများတဲ့ရလဒ် ဖြစ်သလို Pixel 4a နဲ့ Pixel 5 ဖုန်းကြားက စွမ်းဆောင်ရည်ရမှတ်လို့ ဆိုရမှာပါ။ ဂရပ်ဖစ်စွမ်းဆောင်ရည်က အခြား Snapdraong 600 စီးရီးဖုန်းတွေနဲ့ Snapdragon 730G ဖုန်းတွေထက် ပိုမိုကောင်းမွန်မှုရှိပါတယ်။ မည်သည့် ဂိမ်းအမျိုးအစားကို မဆို အဆင်ပြေအောင် ဆော့ကစားနိုင်မှာ ဖြစ်သလို နေ့စဉ်အသုံးပြုမှုအတွက်လည်း စွမ်းဆောင်ရည်ပိုင်းက ချောမွေ့ကောင်းမွန်မှု ရှိပါတယ်။ ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲက စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိတာက နှစ်သက်စရာပါ။ Android 10 အခြေခံ OxygenOS 10.5 ကို အသုံးပြုထားပြီး အသုံးဝင်လှတဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်ပေမယ့် flagships ဖုန်းလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ always-on display နဲ့ color profiles လုပ်ဆောင်ချက်မျိုးတော့ မပါဝင်ပါဘူး။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Hole-punch Display
  • 6.49 inches, IPS LCD display (90Hz)
  • 20:9 aspect ratio
  • Fingerprint (rear-mounted)
  • Glass front, plastic frame
  • 190g

Oneplus Nord N10 5G ရဲ့ ဒီဇိုင်းက လှပပြီးဆွဲဆောင်မှုရှိပေမယ့် အခြားဖုန်းတွေနဲ့ သိပ်ပြီး ထူးခြားကွာခြားမှု မရှိပါဘူး။ ပလတ်စတစ်ကိုယ်ထည်က ဖြစ်ပေမယ့် ဖန်သားနဲ့ သတ္တုပေါင်းစပ်ထားသလို ထင်ရလောက်အောင် ကိုင်ရတာ ချောမွေ့ကောင်းမွန်အောင် ဖန်တီးထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးကို ဒေါင်လိုက်အနေနဲ့ လေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ hole-punch ဒီဇိုင်းပုံစံနဲ့ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ ဘယ်ဘက်ဘောင်ထဲမှာ အသံအတိုးအကျယ်ခလုတ်နဲ့ SIM ကတ်ပေါက်တွေ ထည့်သွင်းထားတာ ဖြစ်ပြီး နားကြပ်ပေါက်ကတော့ အောက်ဘက်ဘောင်ထဲမှာထည့်သွင်းထားတာ ဖြစ်ပါတယ်။ လက်ဗွေစနစ်ကတော့ ကျောဘက်ကာဗာမှာထည်သွင်းထားတာဖြစ်ပြီး ၁၉၀ ဂရမ်အလေးချိန်က လက်ထဲမှာကိုင်ရတာ ပေါ့ပါးမှုရှိပါတယ်။

ဒီဖုန်းရဲ့ ၆.၄၉ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၅ ရာခိုင်နှုန်း ရှိပါတယ်။ Screen ရဲ့ pixel densiy က 406 ppi ရှိပြီး Screen က တောက်ပမှုရှိသလို ကာလာပိုင်းစိုပြည်မှုရှိတာ သဘောကျစရာပါ။ lover-cost LCD panel ဖြစ်ပေမယ့် 90Hz refresh rate ထိ ထောက်ပံ့ပေးနိုင်ပြီး 60Hz အနေနဲ့လည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ

  • Standard: 64MP (wide), f/1.8, PDAF
  • 2MP, f/2.4 (depth)
  • 8MP, f/2.3 (ultrawide)
  • 2MP, f/2.4 (macro)
  • Selfie : 16MP, f/2.1 (wide)
  • Video : 4K@30fps, 1080p@30/60/120fps, gyro-EIS
  • LED flash, HDR, Panorama

Nord N10 5G ရဲ့ ကျောဘက် အဓိက ကင်မရာက aperture f/1.79 ရှိတဲ့ 64MP အမျိုးအစားဖြစ်ပြီး ဒီကင်မရာစနစ်အတွက် PDAF နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ 8MP Ultra-wide ကင်မရာနဲ့ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်အနေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး 2MP macro နဲ့ 2MP monochrome ကင်မရာတွေ တပ်ဆင်ထားပြီး အရည်အသွေးမြင့် monochrome ရုပ်ပုံတွေကို ရိုက်ကူးနိုင်တာ သဘောကျစရာပါ။ အလင်းရောင်ကောင်းမွန်တဲ့နေ့ဘက်ပိုင်း ရိုက်ကူးမှုက ကာလာပိုင်းစိုပြည်ကောင်းမွန်မှု ရှိသလို အလင်းအားနည်းတဲ့ အခြေအနေမျိုး ရိုက်ကူးမှုအတွက်လည်း Nightscape mode ထောက်ပံ့ပါဝင်ပြီး Oneplus ရဲ့ higher-end ဖုန်းတွေကို အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တာက ကျေနပ်စရာပါ။ အဓိက ကင်မရာရဲ့ ရုပ်ထွက်အရည်အသွေးပိုင်းမြင့်မားကောင်းမွန်ပေမယ့် မြင်ကွင်းကျယ်ကင်မရာက lower-resolution ဖြစ်တာက သိပ်အားမရသလို ခံစားရပါတယ်။ ကျောဘက်ကင်မရာနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ 1080p အရည်အသွေးကို 30/60/120fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုစနစ်အတွက် gyro-EIS စနစ်ထောက်ပံ့ပါဝင်ပါတယ်။

ရှေ့ဘက် 16MP selfie ကင်မရာက aperture f/2.1 ရှိတဲ့ wide အမျိုးအစားဖြစ်ပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိပါတယ်။ ရှေ့ကင်မရာစနစ်တွေနဲ့နဲ့ 1080p အရည်အသွေးဗီဒီယိုကို 30/60fps ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

  • Li-Po 4300mAh
  • 30W Fast Charging
  • USB Type-C 2.0, USB On-The-Go

ဒီဖုန်းမှာ အရွယ်အစား မကြီးလွန်း မသေးလွန်းတဲ့ 4300mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး အားသွင်းခေါင်းက Warp Charge 30T USB Type-C အမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီနဲ့ ပုံမှန်ဖုန်းပြောတာကို ၂၉ နာရီ ၄၃ မိနစ်၊ အွန်လိုင်းသုံးတာကို ၁၅ နာရီနဲ့ ၂၃ မိနစ်၊ ဗီဒီယိုအဆက်မပြတ်ဖွင့်ထားတာကို ၁၅ နာရီ ၁၀ မိနစ်ခန့် သုံးနိုင်တာက သဘောကျစရာပါ။ ဘက်ထရီစနစ်အတွက် ၃၀ ဝပ် fast charging နည်းပညာလည်း ထောက်ပံ့ပါဝင်ပြီး ၀ ရာခိုင်နှုန်းကနေ ၆၆ ရာခိုင်နှုန်းကို နာရီဝက်အတွင်း သွင်းပေးနိုင်ပြီး အားပြည့်သွင်းဖို့ ၅၂ မိနစ်သာ ကြာမြင့်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

OnePlus Nord N10 5G က သူ့အရင်ထွက်ခဲ့သမျှ OnePlus ဖုန်းတွေလိုမျိုး ပြိုင်ဘက်တွေအနေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ ပုံစံမျိုး ဒီဖုန်းမှာ သိပ်မတွေ့ရဘူးလို့ ဆိုရမှာပါ။ 5G ထောက်ပံ့ပါဝင်လာတဲ့ အလယ်အလတ်ဖုန်းအမျိုးအစား ဖြစ်တာ၊ ကင်မရာစနစ် မြင့်မားကောင်းမွန်တာ၊ ဂိမ်းစွမ်းဆောင်ရည်ပိုင်းကောင်းမွန်တာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေအပြင် Oxygen OS က အသုံးပြုရတာ ချောမွေ့ကောင်းမွန်မှု ရှိတာတွေက သဘောကျစရာပါ။ ဒါပေမယ့် OS က high-end ဖုန်းလုပ်ဆောင်ချက်တွေဖြစ်တဲ့ Always-on display စနစ်တွေမပါတာနဲ့ လက်ဗွေစနစ်က in-display အမျိုးအစားမဟုတ်သလို ဒီဇိုင်းက ပြိုင်ဘက်မော်ဒယ်ဖုန်းတွေနဲ့ သိပ်ကွာခြားမှု မရှိတာတွေက OnePlus ရဲ့ flagship killer ဆိုတဲ့ ဂုဏ်သတ္တိပိုင်း သိပ်မတွေ့ရဘူးလို့ မြင်ပါတယ်။ သင့်အနေနဲ့ 90Hz display နဲ့ 5G ထောက်ပံ့ပါဝင်တဲ့ အလယ်အလတ်တန်းစားဖုန်းကို ကိုင်ချင်တယ်ဆိုရင်တော့ OnePlus Nord N10 5G က ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««