OnePlus 8 နဲ့ OnePlus 8 Pro ကိုထုတ်ဖော်မိတ်ဆက်

OnePlus ဟာ ၂၀၂၀ အတွက် flagship ဖုန်းတွေကိုတော့ COVID-19 အကျပ်အတည်းကာလမှာ မိတ်ဆက်လိုက်ပါတယ်။ ဖုန်းတွေကို ဒီဂျစ်တယ်ပွဲကနေ တစ်ဆင့် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေကတော့ ကတိပေးထားတဲ့အတိုင်း ဒေါ်လာ ၁၀၀၀ အောက်ပဲရှိပါတယ်။ OnePlus 8 နဲ့ OnePlus 8 Pro မှာတော့ မနှစ်ကထွက်ရှိခဲ့တဲ့ OnePlus 7 ကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

OnePlus 8 Pro

OnePlus 8 Pro မှာမျက်နှာပြင် ၆.၇၈ လက်မ Fluid AMOLED display အသုံးပြုထားပြီး 120Hz refresh rate ပထမဆုံးသုံးထားတဲ့ OnePlus ဖုန်းဖြစ်လာပါတယ်။ မျက်နှာပြင်ကတော့ ပြတ်တောက်မှုအနည်းဆုံးဖြစ်ဖို့ 240Hz touch sampling rate အသုံးပြုထားပါတယ်။

OnePlus 8 Pro မျက်နှာပြင်က‌တော့ စံချိန်သစ်တင်နိုင်ခဲ့တဲ့ အရောင်တိကျမှု ရရှိအောင် စက်ရုံမှာ ချိန်ညှိထားပါတယ်။ မျက်နှာပြင် 10-bit panel နဲ့ HDR10+ ထောက်ပံ့မှုတို့ပါဝင်လာပါတယ်။ HDR Boost ကတော့ 8-bit content ကိုပဲ ထောက်ပံ့ အဆင့်မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် 24fps ဗီဒီယိုကို 120fps အထိမြှင့်တင်ပေးနိုင်မယ့် MEMC လည်းပါဝင်လာပါတယ်။

OnePlus 8 Pro မှာ OnePlus 7 Pro လိုမျိုး ရှေ့ကင်မရာ pop-up ကိုမသုံးတော့ဘဲ punch hole ကိုသုံးထားပါတယ်။ ဒါ့အပြင် OnePlus 8 Pro ဟာ IP68 အဆင့်သတ်မှတ်ချက်ရရှိခဲ့တဲ့ ပထမဆုံးဖုန်း လည်း ဖြစ်ပါတယ်။

OnePlus အနေနဲ့ ကြိုးမဲ့အားသွင်းနည်းပညာကို OnePlus 8 Pro မှာ မိတ်ဆက်လိုက်ပါတယ်။ Warp Charge 30 Wireless ကတော့ 30W အထိအားသွင်းပေးနိုင်ပြီး နာရီဝက်အတွင်း ၅၀ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ အခြားထုတ်ကုန်တွေကို အားသွင်းပေးနိုင်တဲ့ Revese ကြိုးမဲ့အားသွင်းစနစ်လည်း ထောက်ပံ့ထားပါတယ်။

ကြိုးနဲ့အားသွင်းရင်လည်း မြန်ဆန်ပြီး 30W Warp Charge 30T နည်းပညာက ၂၃ မိနစ်အတွင်း ၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ OnePlus 8 Pro မှာ ဘက်ထရီ 4,510mAh အသုံးပြုထားပါတယ်။

ဖုန်းမှာ 48MP ကင်မရာ၂လုံးအပြင် telephoto နဲ့ assistant module တစ်ခုတို့ပါဝင်လာပါတယ်။ ကင်မရာနဲ့ 60fps 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး Single Shot 3-HDR ဆိုတဲ့ feature ကြောင့် exposure ၃ ခုစလုံးကို ဖမ်းယူကာ dynamic range ကိုလည်း အဆင့်မြှင့်တင်ပေးပါတယ်။ ကင်မရာမှာ Optical နဲ့ Electronic image stabilization ကို ပေါင်းစပ်ထားပါတယ်။

အခြား 48MP ကင်မရာမှာတော့ ၁၂၀ ဒီဂရီ ultrawide lens ပါဝင်ပြီး macro ကင်မရာအဖြစ်လည်း အသုံးပြုနိုင်ကာ ၃ စင်တီမီတာအကွာအဝေးကနေ ရိုက်ကူးနိုင်ပါတယ်။

တတိယမြောက်ကင်မရာကတော့ 8MP telephoto ဖြစ်ပြီး စတုတ္ထမြောက်ကင်မရာကတော့ Color filter ကင်မရာသစ်ဖြစ်ကာ အရောင်အသွေးမျိုးစုံကို ပုံရိပ်ဖော်ပေးနိုင်ပါတယ်။

OnePlus 8 နဲ့ Snapdragon 865 chipset နဲ့ထောက်ပံ့ထားပါတယ်။ စွမ်းဆောင်ရည်ကတော့ LPDDR5 RAM အသုံးပြုထားတဲ့အတွက် OnePlus 7 စီးရီးတွေထက် ၃၀ ရာခိုင်နှုန်းမြန်ဆန်ကာ စွမ်းအင်အသုံးပြုမှု ၂၀ ရာခိုင်နှုန်းနည်းပါးပါတယ်။ Storage ကတော့ UFS 3.0 ဖြစ်ပါတယ်။ OnePlus 8 Pro ဖုန်းမှာ 5G ထောက်ပံ့မှုပါဝင်လာပါတယ်။ OnePlus 8 Pro ရဲ့ RAM 8GB နဲ့ storage 128GB ကတော့ဒေါ်လာ ၈၉၉ ကျသင့်ပါမယ်။

OnePlus 8

OnePlus 8 ကတော့ မျက်နှာပြင် ၆.၅၅ လက်မပဲရှိကာ ရုပ်ထွက်အရည်အသွေး 1080p+ နဲ့ 90Hz refresh rate ပဲရှိပါတယ်။

ကင်မရာပိုင်းကတော့ Pro မော်ဒယ်နဲ့ ကွာခြားပါတယ်။ အဓိကကင်မရာ 48MP နဲ့ IMX586 အသုံးပြုထားပြီး 16MP ultra wide ကင်မရာကတော့ macro ဓာတ်ပုံတာဝန်ကို ထမ်းဆောင်ပေးပါတယ်။ Telephoto ကင်မရာကတော့ မပါဝင်ပါဘူး။

ဘက်ထရီကတော့ 4,300mAh ဖြစ်ပြီး Warp Charge 30T နည်းပညာထောက်ပံ့ထားတာကြောင့် USB-C ကတစ်ဆင့် ၂၂မိနစ်အတွင်း ၀ ရာခိုင်နှုန်းကနေန ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ ကြိုးမဲ့နည်းပညာတော့ မပါဝင်လာပါဘူး။

OnePlus 8 မှာလည်း Snapdragon 865 chipset အသုံးပြုထားပြီး RAM 8GB နဲ့ storage 128GB ဗားရှင်းကို ထုတ်လုပ်ထားသလို 12/256GB ဗားရှင်းလည်းရှိပါတယ်။ အခုဖုန်းမှာလည်း 5G နဲ့ Wi-Fi 6 ကိုထောက်ပံ့ထားပါတယ်။

OnePlus 8 ဖုန်းစီးရီးတွေမှာ in-display fingerprint reader ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Dolby Atmos ထောက်ပံ့မှုနဲ့ စတူရီယိုစပီကာတွေနဲ့ haptic feedback လည်းပါဝင်လာပါတယ်။

OnePlus 8 ကို Pro နဲ့အတူ ဧပြီလ ၂၄ မှာ စတင်ရောင်းပါမယ်။ OnePlus 8 ရဲ့ 8/128GB ဗားရှင်းကတော့ ဒေါ်လာ ၇၀၀ ကျသင့်ပါမယ်။

-စိုးထက်
Ref: GSMArena