One Punch Man: A Hero Nobody Knows

လူငယ်တွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့ စွမ်းအားတွေ အသုံးပြု တိုက်ခိုက်နိုင်မှာဖြစ်သလို ဇာတ်ကောင် အများအပြား ရွေးချယ်နိုင်အောင် ဖန်တီးထားလို့ ပုံစံရော စွမ်းရည်အရပါ ဆန်းသစ်ပါတယ်။ လက်နက် တွေထက် လက်ရုံးရည် ဦးစားပေး အသုံးပြု တိုက်ခိုက်ရမှာပါ။ ဇာတ်လမ်းသွားမဟုတ်လို့ နည်းနည်းတော့ ပျင်းစရာကောင်းပါတယ်။ ပြိုင်ပွဲဖန်တီး၊ Hero ရွေး၊ တိုက်ခိုက်မယ့်နေရာရွေးပြီး ကစားရုံပါပဲ။

Single အနေနဲ့သာမက Multi ဆိုရင် နှစ်ယောက်တွဲကစားနိုင်မှာပါ။ တကယ်က တိုက်ခိုက်မှုတစ်ခုအတွက် တစ်ဖက်ကို ၃ ဦးပါရှိပါတယ်။ ကစားသူကနှစ်ယောက်၊ AI စနစ်က တစ်ယောက်ပေါ့။ ဂန္ဒဝင်သူရဲကောင်း Saitama က AI အနေနဲ့ ပါ၀င်ကစားပေးမှာဖြစ်ပြီး ဂိမ်းစနစ်ရဲ့ ဖန်တီးထားမှုအရ တိုက်ပွဲကို ကစားသူနှစ်ယောက်ကပဲ စတင်တိုက်ခိုက်နေရမယ်၊ ရန်သူက အင်အားကြီးရင်တောင်မှ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားရမယ်၊ သူရဲကောင်း Saitama ကတော့ တိုက်ခိုက်မှု နောက်ဆုံးအခန်းမှ ရောက်လာတတ်ပြီး လက်သီးတစ်ချက်နဲ့ ရန်သူကို ပွဲသိမ်းပေးနိုင်စွမ်းရှိသူပါ။ သူကတော့ ထူးခြားတဲ့ တိုက်ခိုက်ချိန်မယူဘဲ နောက်ပိုင်းမှာ ရောက်လာပြီး တစ်ချက်တည်းနဲ့ ပွဲသိမ်းလိုက်နိင်သူပါ။

ဒီတော့ ပုံမှန်တိုက်ခိုက်ရေး ဂိမ်းတွေလို အချင်းချင်းတိုက်ခိုက်၊ အနိုင်၊ အရှုံး ချက်ချင်း အဖြေထွက်တာမျိုး မဟုတ်ဘဲ ကိုယ်တိုင်နိုင်အောင် တိုက်နိုင်သလား? တိုက်ခိုက်အနိုင်ယူပါ၊ မဟုတ်ရင်တော့ သူရဲကောင်းထွက်တဲ့အချိန်အထိ တောင့်ခံနိုင်ဖို့လိုအပ်ပါတယ်။ သူရဲကောင်းသာ ရောက်လာရင်တော့ မနိုင်စရာ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ရန်သူက ခံနိုင်ရည်ရော တိုက်ခိုက်နိုင်စွမ်းပါ ကောင်းမွန်အောင် ဖန်တီးထားလို့ သူရဲကောင်းမရောက်ခင် အနိုင်ရဖို့မရှိ ဘဲ ခံစစ်နဲ့တိုက်ခိုက်နေရင်း ဆက်လက်ရှင်သန်နိုင်အောင်ပဲ ကြိုးစားနေရဖို့ ရှိပါတယ်။

ဇာတ်ကောင်ရွေးချယ်နိုင်မှု ၂၇ ဦး ပါရှိပါတယ်။ ဇာတ်ရုပ်ကတော့ မိန်းကလေးသူရဲကောင်းလဲ ပါပါတယ်။ တိုက်ခိုက်ရမယ့်နေရာတွေက မြို့တွင်းနေရာတွေမှာပါ။ ဇာတ်လမ်းသွားမဟုတ်လို့ Item တွေ အဆင့်တင်တာ၊ စွမ်းရည် တင်တာတွေတော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အနိုင်ရမှုများ လာလေလေ ရန်သူက ခက်ခဲလာသလို စွမ်းရည်တွေ Unlock ဖြစ်လာပါတယ်။ တိုက်ကွက်နဲ့ စွမ်းရည်အသစ်တွေ သုံးနိုင်လာပါတယ်။ တခြားတိုက်ခိုက်ရေး ဂိမ်းတွေလို တိုက်ခိုက်ချိန် သတ်မှတ်ထားခြင်းမရှိဘဲ တစ်ဖက်က အနိုင်ရတာနဲ့ တိုက်ပွဲပြီးပါပြီ။ ရန်သူရဲ့ အားနည်းချက်ကို ထိုးနှက်နိုင်မယ့်မှန်ကန်တဲ့ Hero ရွေးချယ်ကစားနိုင်ရင်တောင် အနိုင်ရဖို့ ပိုလွယ်မှာပါ။

တိုက်ပွဲမစခင် Hero ရွေးချိန်ကတည်းက အားနည်းချက်၊ အားသာချက်တွေ ကြည့်ပြီးရွေးချယ် ကစားသင့်ပါတယ်။ စွမ်းရည်ကောင်းတဲ့ Hero တွေက ခံနိုင်ရည် အားနည်းတာမျိုးကတော့ ပုံမှန်ဟန်ချက်ညီ ဖန်တီးထားခြင်းမျိုးပါပဲ။ PS4 နဲ့ Xbox One တွေ အပြင် PC နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားလို့ ပြည်တွင်းဂိမ်းသမားတွေအတွက် အဆင်ပြေပါတယ်။ Single အနေနဲ့ဆိုရင်တော့ AI စနစ်က နှစ်ယောက်နဲ့တွဲကစားရမှာဖြစ်လို့ ကစားရတာသိပ်ပျော်ဖို့မကောင်းပါဘူး။ ဖြစ်နိုင်ရင်တော့ သူငယ်ချင်းနဲ့ တွဲကစားပါလို့ အကြံပေးချင်ပါတယ်။ လူငယ်ကြိုက်ဂိမ်းဖြစ်လို့ ဇာတ်လမ်းသွားလို စိတ်ဝင်စားစရာ မကောင်းပေမယ့် တိုက်ခိုက်ခန်းတွေ ဆန်းသစ်ထားလို့ သဘောကျမိတဲ့ ဂိမ်းသစ်ပါပဲ။