OnDoctor App အာဆီယံစီးပွားရေးထူးချွန်ဆုရရှိ

ပြည်တွင်း ကျန်မာရေး App တစ်ခုဖြစ်တဲ့ OnDoctor ဟာ ASEAN Business Awards(ABA) 2019 ကို Startup & IDE (Innovation Driven Entrepreneur) အမျိုးအစားအောက်မှာ ရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ASEAN Businesss Awards(ABA) 2019 ဆုကို နိုဝင်ဘာ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ASEAN Business & Investment Summit 2019 မှာ ပေးအပ်ခဲ့ပြီး OnDoctor ရဲ့ CEO ဒေါက်တာထက်ဇံလင်းနဲ့ COO ဒေါက်တာဆုမွန်မွန်ထွန်းတို့က ဆုကိုလက်ခံရယူခဲ့ပါတယ်။

“လုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က Universal Health Coverage လို့ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှု အခြေခံကျတဲ့ Basic Essential Primary Health Care ပေါ့။ အဲဒါကို လူတိုင်း ငွေကုန်ကြေးကျ အခက်အခဲမရှိဘဲAccessible ဖြစ်နိုင်ရမယ် ရည်ရွယ်ပြီး Mobile App ကနေ ကျန်းမာရေးအတွက် ဖြေပေးခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်လာပြီ။ လက်ရှိမှာ App သုံးစွဲသူ တစ်သိန်းကျော်ရှိတယ်။ နေ့စဉ်မေးတဲ့သူတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ ၂၀၁၆ က စတင်ခဲ့ချိန် မြန်မာနိုင်ငံကို လေ့လာကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းက နိုင်ငံ ၁၉၀ မှာ အဆင့် ၁၉၀ မှာရှိတယ်။ အဲဒီလိုရှိတဲ့အခါ မြန်မာနိုင်ငံကလူဉီးရေ ၆၃ ရာခိုင်နှုန်းအထက်က ကျေးလက်ဒေသမှာ နေတယ်ဆိုတော့ ကျေးလက်ဒေသမှာနေတဲ့ လူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ Accessible ဖြစ်မှုက မြန်မာနိုင်ငံက လွန်ခဲ့တဲ့ငါးနှစ်၊ ဆယ်နှစ်နဲ့ယှဉ်ကြည့်ရင် Mobile Penetration Rate က အင်မတန်မြင့်တက်လာတယ်။ အဲဒီလို မြင့်တက်လာတဲ့အခါ ကျွန်တော်တို့က ဘာကို သွားတွေ့ရလဲဆိုတော့ တကယ်လို့များ Mobile Technology ကို သုံးပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးရင် မကောင်းဘူးလားဆိုပြီး ဒါကို လုပ်ဖြစ်တာပါ” လို့ OnDoctor ရဲ့ CEO ဒေါက်တာထက်ဇံလင်းက ဆုရရှိတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးအခြအနေနဲ့ OnDoctor စဖြစ်ခဲ့တဲ့အကြောင်းကို ပြောပါတယ်။

“ASEAN Business Award 2019’’ ဆုမှာ အာဆီယံဒေသအတွင်း ဂုဏ်သိက္ခာကြီးမားတဲ့ဆုဖြစ်ပြီး အာဆီယံနိုင်ငံ အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကုမ္ပဏီတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ OnDoctor အနေနဲ့ ၂၀၁၈ ခုနှစ်မှာ K Bank Biz Plan Winner Award နဲ့ ASEAN ICT Award 2018(CSR) ဆုတို့ကို ရရှိခဲ့ပြီး၂၀၁၉ ခုနှစ်မှာ ASEAN Business Awards(ABA) 2019 အပြင်Myanmar Rice Bowl Startup Awards 2019 မှာ Myanmar’s Best Life Helper Awardနဲ့ Myanmar’s People Choice Award တို့ကို ရရှိထားပါတယ်။ Myanmar Rice Bowl Startup Awards 2019 ရရှိထားသူတွေအနေနဲ့ ၂၀၂၀ ဇန်နဝါရီလ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ASEAN Rice Bowl Startup Awards ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

OnDoctor App ကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းမှာ အများပြည်သူအတွက် ကျန်းမာရေးမေးခွန်းများ နေ့စဉ်ဖြေကြားပေးမှု၊ ကျန်းမာရေးဆောင်းပါးတွေ၊ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို နေ့စဉ်တင်ဆက်ပေးမှု စတာတွေကို လုပ်ဆောင်လျက်ရှိတာဖြစ်ပါတယ်။ OnDoctor App မှာ နေ့စဉ်မေးခွန်းမေးတဲ့သူ များစွာရှိနေပြီး တစ်နှစ်ကို မေးခွန်းပေါင်း ၉ ဒသမ ၆ သန်းအထိရှိတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း