Okami HD

Clover Studio ကနေ ဖန်တီးပြီး Capcom ကနေ ဖြန့်ချိလာတဲ့ အခု ဂိမ်းက ဂျပန်ထုတ် ဂိမ်းတွေ ထဲမှာတော့ အောင်မြင်မှု ကောင်းကောင်း ရရှိထားတဲ့ ဂိမ်းတစ်ခုပါ။

Okami ဆိုတာက ဂျပန်လို၊ နတ်ဘုရား၊ ၀ိဉာဉ်၊ မြေခွေး၊ ကြီးမြတ်သောစတဲ့ အဓိပ္ပာယ်တွေရပြီး ကနဦး ထွက်ရှိလာချိန်က Sony ရဲ့ PS2 စက်နဲ့ပဲ ကစားနိုင် အောင် ဖန်တီးခဲ့တာ ဖြစ်ပေမယ့် အခုတော့ Platform အစုံနဲ့ ကစားနိုင်လာပါပြီ။ Okami ရဲ့ ပထမ ဆုံး PS2 ဂိမ်းက ၂၀၀၆ မှာ ဂျပန်နဲ့ မြောက်အမေရိက၊ ၂၀၀၇ မှာ ဥရောပထိအောင် ခြေဆန့်အောင်မြင်ခဲ့ပြီး နောက်တော့ Nintendo တွေနဲ့ပါ ကစားနိုင်လာခဲ့ပါတယ်။ အခုဆိုရင် PS2, PS3, PS4, Xbox One နဲ့ Windwos စနစ်တွေပါ ကစားနိုင်အောင် ရနေပါပြီ။

PS4 နဲ့ Xbox One အတွက်ကတော့ အခု ဒီဇင်ဘာအတွင်းမှာမှ ဖြန့်ချိလာတာဖြစ်ပြီး HD ဆိုတဲ့ အမည်ခွဲလေးနဲ့ လာပါတယ်။ အထူးသဖြင့်တော့ ရုပ်ထွက်ပိုင်း အဆင့်မြှင့်ထားပါတယ်။ ဂိမ်းကစားရမှုကတော့ အခြား Platform တွေက ပုံစံနဲ့အတူတူပါပဲ။ စွန့်စားခန်း သဘောကျတဲ့သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းဖြစ်ပြီး တိုက်ခိုက်မှုတွေနဲ့ အတူ စွန့်စားခန်းဝင်ရမယ်၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် တစ်ယောက်တည်း ဖြေရှင်းအောင်မြင်အောင် ကစားရမယ့် Single ဂိမ်းတစ်ခုပါ။

Amaterasu အမည်ရှိတဲ့ နေမင်းနတ်ဘုရားရဲ့ နေရာမှာဝင် ကစားရမှာဖြစ်ပြီး ကမ္ဘာကိုအမှောင်ထုရဲ့ ကြီးစိုးမှုရန်ကနေ ကာကွယ်ရမှာ ဖြစ်ပါတယ်။ Amaterasu က ဂိမ်းထဲမှာ ဝံပုလွေဖြူအဖြစ် ပြောင်းလဲပြီး ဇာတ်ကောင်အဖြစ် ထည့်သွင်းထားပါတယ်။ ဂိမ်းအတွင်းမှာ တိုက်ခိုက်ရမှုတွေအပြင် ပဟေဠိတွေကို ဖြေရှင်းရမှုတွေနဲ့ စွန့်စား ပြေးလွှားရမှုတွေ ပါရှိပါတယ်။ The Legend of Zelda ဂိမ်းကို ကစားဖူးသူတွေအတွက်တော့ အခုဂိမ်းက ကစားရတာ ပိုပြီးအဆင်ပြေနိုင်ပါတယ်။ အကြောင်းကတော့ အခုဂိမ်းက အဆိုပါ Zelda နဲ့ နည်းနည်းဆင်လို့ပါ။

ဒီဂိမ်းရဲ့ ထူးခြားချက်က တခြား ဂိမ်းအများစုမှာ အဆင့်တစ်ဆင့်အောင်တိုင်း ကစားသူ က Level မြင့်လာပြီး ပိုမိုအစွမ်းထက်လာပေမယ့် အခုဂိမ်း မှာတော့ ပဟေဠိ၊ တိုက်ခိုက်မှု တစ် ခုခု အောင်မြင်ပြီးတိုင်း အမှောင်လွှမ်းတဲ့ နေရာတွေကို ဖယ်ထုတ်လိုက်နိုင်မယ်၊ အနီးနားက သစ်ပင်တွေကို ပြန်လည်ရှင်သန်စေမယ်၊ တောရိုင်းတိရစ္ဆာန်တွေကို အစာကျွေးမွေး ရှင်သန်စေနိုင်မှုတွေနဲ့အတူ ဂိမ်းရဲ့ သဘောအတိုင်း ကမ္ဘာကို ပုံမှန်လည်ပတ်နိုင်ဖို့ ကယ်တင်မှု ဖြစ်စေမှာပါ။ ပြီးတော့အခု Amaterasu ဟာ ဂျပန်နဲ့ အမေရိကအတွက် ဖြန့်ချိတဲ့ ဂိမ်းတွေမှာ ဝံပုလွေဖြူ အမလေးအဖြစ် ဖန်တီးထားပြီး Mother of all အဖြစ် တင်စားရေးဆွဲထားတာ တွေ့ရပါတယ်။

ဂိမ်းရဲ့ အဆုံးသတ် နောက်ဆုံးအဆင့်မှာ Amaterasu က Yami နဲ့ နောက်ဆုံး တိုက်ခိုက်ရမယ်၊ Yami ဆိုတာ အမှောင်ထုရဲ့ ဘုရင်၊ မှော်ပညာနဲ့ Amaterasu ရဲ့ စွမ်းအင်တွေ အားလုံးကို သူကစုပ်ယူလိုက်တယ်။ ၀ံပုလွေ တစ်ကောင်လိုပဲ စွမ်းအင်မဲ့သွားတဲ့ Amaterasuက Yami ကို ပြန်လည်တိုက်ခိုက်ပြီး ဖြည်းဖြည်းချင်း Yami ဆီက သူ့ရဲ့စွမ်းအင်တွေကို ပြန်လည်ရယူကာ အနိုင်အောင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့အစနဲ့ အလယ်တွေမှာ စွန့်စားခန်းနဲ့ ပဟေဠိတွေများပေမယ့် နောက်ဆုံး အဆုံးသတ်တော့ တိုက်ခိုက်မှုပုံစံနဲ့ အဆုံးသတ်ပါတယ်။ ကဲ.. စွန့်စားခန်းဝင်မယ်၊ လိုအပ်ရင် တိုက်ခိုက်မယ်၊ အဖွဲ့လိုက်မဟုတ်ဘဲ တစ်ယောက်တည်း ရင်ခုန်ချင်တယ်ဆိုတဲ့ ဂိမ်းသမားတွေအတွက်ကတော့ လက်ထဲမှာ PS4 ဖြစ်ဖြစ် Xbox One ဖြစ်ဖြစ် ရှိနေရင် HD ရုပ်ထွက်နဲ့ ကစားနိုင်မယ်၊ Windows လေးရှိနေရင်လည်း ရုပ်ထွက် အ ကောင်းဆုံး မဟုတ်ပေမယ့် စွန့်စားခန်း ၀င်လို့ ရနေပါပြီ။

-သက်နိုင်ဦး (UCSL)