Office tool တွေအားလုံးပေါင်းစပ်ထားတဲ့ Android app သစ်တစ်ခုကို Microsoft မိတ်ဆက်ခဲ့

Microsoft က အရေးပါတဲ့ Office tool တွေအားလုံး ပေါင်းစပ်ထားတဲ့ Office beta app သစ်ကို Android အတွက် ဖြန့်ချိလိုက်ပါတယ်။ အဲဒီ app မှာ Word, Excel, PowerPoint တို့ပါဝင်လာပါတယ်။ App အမည်က Microsoft Office: Word, Excel, PowerPoint & more ပဲဖြစ်ပါတယ်။

အဲဒီ app မှာစာရွက်စာတမ်းတွေ ဖန်တီး၊ တည်းဖြတ်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။ သုံးစွဲသူက app ကတစ်ဆင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး စာရွက်စာတမ်းကို စီမံခန့်ခွဲနိုင်ပါတယ်။ Google ရဲ့ Sheets, Docs တို့နဲ့ လုပ်ဆောင်ချက်တူညီပါတယ်။

App ရဲ့ထူးခြားချက်ကတော့ ဓာတ်ပုံဒါမှမဟုတ် Word, Excel နဲ့ PowerPoint ဖိုင်တွေကို PDF အသွင်ပြောင်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကို တည်းဖြတ်ပြီး ဝေမျှနိုင်ပါတယ်။

Microsoft အနေနဲ့ ၂ရက်နေ့မှာ Microsoft Office: Word, Excel, PowerPoint & more ကို Google Play Store အပေါ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည် ဖျက်သိမ်းသွားတာ ကိုတွေ့ရပါတယ်။ Microsoft အနေနဲ့ beta app ကိုပြန်လည်ပြင်ဆင်နေဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena