Nokia 8 စမတ်ဖုန်းကို အိန္ဒိယတွင် ၅၆၅ ဒေါ်လာဖြင့် ရောင်းချမည်

Nokia ရဲ့ flagship Nokia 8 စမတ်ဖုန်းကို အောက်တိုဘာ ၁၄ ရက်မှစတင်ပြီး အိန္ဒိယမှာ ရူပီး ၃၆,၉၉၉ (၅၆၅ ဒေါ်လာ) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းသစ်ကို အထင်ကရ လက်လီအရောင်းဆိုင်များနဲ့ Amazon ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Nokia 8 ဟာ Nokia ရဲ့ ပထမဆုံး high-end premium စမတ်ဖုန်းဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို 6000 series အလူမီနီယံကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ၅.၃ လက်မ 2560 x 1440 resolution IPS LCD နဲ့ curved Corning Gorilla Glass 5 တို့ပါဝင်ပါတယ်။

Nokia 8 မှာ flagship Qualcomm Snapdragon 835 processor နဲ့ 4GB LPDDR4X memory ကို အသုံးပြုထားပါတယ်။ သိုလှောင်မှုပမာဏက 64GB UFS 2.1 ဖြစ်ပြီး microSD ထောက်ပံ့ထားပါတယ်။

ဒီစမတ်ဖုန်းရဲ့ကျောဘက်မှာ OIS ပါဝင်တဲ့ 13 megapixel color sensor တစ်ခုနဲ့ 13 megapixel monochrome sensor တစ်ခုတို့ ပါဝင်ပါတယ်။ အဲ့ဒီကင်မရာနှစ်ခုဟာ အလင်းနည်းတဲ့နေရာတွေမှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 13 megapixel f2.0 ကင်မရာနဲ့ PDAF ပါဝင်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်နဲ့ ကျောဘက်ကင်မရာတွေက ဓာတ်ပုံတွေအပြင် ဗီဒီယိုကိုပါ တစ်ပြိုင်နက်ရိုက်ကူးပေးနိုင်မယ့် Dual Sight mode လည်း ပါဝင်လာပါတယ်။ ဒီဖုန်းရဲ့ ကျောဘက်ကင်မရာက 4K ဗီဒီယိုကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။

Nokia 8 မှာ Android 7.1.1 Nougat ကိုအသုံးပြုထားပြီး Oreo ကို update လုပ်နိုင်မယ်လို့ သိရပါတယ်။ ဘက်ထရီက 3090mAh ဖြစ်ပြီး Qualcomm Quick Charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။

-နောင်နောင်
Ref: GSMArena