NI ရဲ့ မန်နေဂျင်းဒါရိုက်တာ (ASEAN & ANZ) ဖြစ်သူ MrMatejKrajnc နှင့်တွေ့ဆုံခြင်း

NI (National Instrument) ကုမ္ပဏီဟာ နည်းပညာထုတ်ကုန်တွေကို ထုတ်လုပ်ဖြန့်ချိနေတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၅၀ ကျော်မှာ ဖြန့်ချိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့အဓိက ထုတ်ကုန်တွေကတော့ LabWindows, LabVIEW, PXI, DAQ, cRIO,TestStand အစရှိတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေမှာတော့ သူတို့ရဲ့ LabVIEW က အသုံးပြုမှုအများဆုံး ထုတ်ကုန်တွေလို့ ဆိုပါတယ်။

နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်ဖြန့်ချိနေတဲ့ NI (National Instrument) ရဲ့နောက်ဆုံးပေါ် နည်းပညာတွေကိုပြသတဲ့ အခမ်းအနားကို စင်ကာပူနိုင်ငံ Marina mandarin ဟိုတယ်မှာ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အဓိကအားဖြင့် NI ထုတ်ကုန်တွေကို လုပ်ငန်းဆောင်တာတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

NI ရဲ့ မန်နေဂျင်းဒါရိုက်တာ (ASEAN & ANZ) ဖြစ်သူMrMatejKrajncနဲ့ အင်တာနက်ဂျာနယ်တို့ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ National Instrument နဲ့ ပတ်သက်ပြီးဆောင်ရွက်နေတာရှိရင် အရင်ဆုံးပြောပြပေးပါ။

မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်တာတွေ စတင်အကောင်အထည်ဖော်ဖို့ ဆိုတာထက် NI ရဲ့ လှုပ်ရှားမှုလေးတွေ ရှိတယ်ဆိုတာကို ပြောလိုပါတယ်။ အဖွဲ့အစည်းအချို့ NI နဲ့ပူးပေါင်းပြီး အလုပ်လုပ် နေပါတယ်။ အဲဒါတွေကတော့ NI ရဲ့ ပလက်ဖောင်းကို အသုံးပြုပြီးကျောင်းသားတွေရဲ့သင်ကြားရေး အထောက်အကူပြု လုပ်ငန်းလေးတွေ လုပ်နေတာတွေ ရှိပါတယ်။ လက်တွေ့ သင်ကြားရေး ပုံစံတွေမှာ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ နည်းပညာကို ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ပလက်ဖောင်းတွေမှာ အသုံးပြုနိုင်ဖို့ဖြစ်ပါတယ်။ တက္ကသိုလ်တွေကနေ တစ်ဆင့် မြန်မာအဖွဲ့အစည်း၊ လုပ်ငန်းတွေဆီသွားနိုင် မှာဖြစ်ပါတယ်။

ဘယ်အချိန်ကတည်းက အဲဒီလုပ်ငန်းတွေ လုပ်ခဲ့တာပါလဲ။

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကပါ။ နှစ်နှစ်ကတည်းကအဲဒီလှုပ်ရှားမှုလေးတွေလုပ်ခဲ့တယ်။ တစ်ဖက်မှာလည်း ဝန်ကြီးဌာန ဒါမှမဟုတ် နည်းပညာ လုပ်ငန်းနယ်ပယ်တွေနဲ့လည်း အလုပ်လုပ်နေပါတယ်၊ နည်းပညာလုပ်ငန်း စတင်လုပ်ကိုင်တဲ့ Start up အချို့နဲ့လည်း ဆွေးနွေးတာ၊ အစီအစဉ်ချတာမျိုးတွေ လုပ်နေပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ လှုပ်ရှားမှုလေးတွေ တိုးတက်လာအောင်လည်း ဆောင်ရွက်နေပါတယ်၊ ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို စိုက်ပျိုးရေးကဏ္ဍ၊ မိုင်းကဏ္ဍတွေမှာ အသုံးပြုလာနိုင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။

NI အနေနဲ့ နည်းပညာဆိုင်ရာ ပလက်ဖောင်းတွေ အများကြီးဆောင်ရွက်နေတဲ့အထဲက မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လှုပ်ရှားမှုလေးတွေနဲ့ စတင်ဖို့ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာပါလဲ။

ကျွန်တော်တို့အနေနဲ့ သိပ္ပံဗေဒဆိုင်ရာ အင်ဂျင်နီယာတွေကို ကူညီချင်တဲ့ဆန္ဒရှိပါတယ်၊ အဲဒါတွေ အကုန်လုံး အကောင်အထည်ပေါ်ဖို့က တက္ကသိုလ်ကနေစပါတယ်၊ တက္ကသိုလ်အသီးသီးမှာ ရှိတဲ့ကျောင်းသူ၊ ကျောင်းသားတွေကနေ စတင်တာဖြစ်လို့ သူတို့အနေနဲ့ NI ရဲ့ ထုတ်ကုန်တွေကို ရင်းနှီးအောင် ဆောင်ရွက်တာဖြစ်ပါတယ်၊ သူတို့တွေဆီမှာ အိုင်ဒီယာတွေရှိတယ် ဒါပေမဲ့ အသုံးချဖို့ ထုတ်ကုန်တွေတော့ မရှိဘူး၊ အဲဒီအတွက် NI ထုတ်ကုန်တွေကို အသုံးပြုနိုင်စေဖို့ပါ။

ဒါဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး၊ နိုင်ငံတိုင်းမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်တွေလည်း အသီးသီးသော တက္ကသိုလ်တွေမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒါဟာပရောဂျက်အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စလို့မြင်ပါတယ်။

မြန်မာအပါအ၀င် နိုင်ငံတိုင်းမှာ NI အနေနဲ့လုပ်ငန်းလုပ်တော့မယ်၊ ပရောဂျက်တစ်ခုခု စတင်တော့မယ်ဆိုရင် သုတေသန လုပ်ခဲ့တာမျိုး၊ ဈေးကွက်ကို အရင်စုံစမ်းတာမျိုး လုပ်လေ့လုပ်ထရှိပါသလား။

လုပ်ပါတယ်၊ မြန်မာအပါအဝင်နိုင်ငံတိုင်းမှာ NI ရဲ့ဆောင်ရွက်ချက်တွေအတွက် သုတေသနလုပ်ငန်းဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်၊ ကျွန်တော်တို့လုပ်ပါတယ်၊ ကျွန်တော်တို့ကဘာလဲ ကျွန်တော်တို့ ဘာကိုမျှော်လင့်သလဲ ဆိုတာကို ပြည်တွင်း အဖွဲ့အစည်းတွေရဲ့အထောက်အကူနဲ့ သုတေသန ပြုတာဖြစ်ပါတယ်။

NI ရဲ့ထုတ်ကုန်တွေထဲမှာ အာရှဈေးကွက်မှာ ဘယ်ထုတ်ကုန်က ပေါ်ပြူလာဖြစ်ပါသလဲ။

ကျွန်တော်တို့ Core Technology မှာဆိုရင် LabViewဖြစ်ပါတယ်၊ LabView ဟာပေါ်ပြူလာထုတ် ကုန်ဖြစ်ပါတယ်၊ ကွဲပြားခြားနားတဲ့ ဧရိယာအတွက် အဲဒီထုတ်ကုန်ဟာ အဆင်ပြေဆုံးပါပဲ။ အာရှပစိဖိတ် ဈေးကွက်မှာတော့ ဈေးကွက်အလိုက် သူ့ဟာနဲ့သူတော့ ကွဲပြားခြားနားတဲ့ ဈေးကွက်တွေကို တွေ့ရမှာပါ။

အနာဂတ်မှာ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့်လုပ်ငန်းတွေကိုလည်းသိပါရစေ။

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်နယ်ပယ်ရဲ့ ဈေးကွက်အခြေအနေက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်၊ ဈေးကွက်က NI ကို လိုလားတဲ့အခြေအနေ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ၊ Solutions ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ ထုတ်ကုန်ပိုင်း ဆိုင်ရာမှာပဲဖြစ်ဖြစ်ပေါ့လေ။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တော်များများမှာလည်း လုပ်ငန်းတွေအောင်အောင်မြင်မြင် လုပ်ခဲ့ပြီးပါပြီ။

အာရှဈေးကွက်မှာ NI အနေနဲ့တွေ့ကြုံရတဲ့စိန်ခေါ်မှုကဘာများဖြစ်မလဲ။

အာရှနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများပါတယ်၊ လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ရမှုတွေ အများကြီးရှိတယ်၊ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းလုပ်ကိုင်ရမှုတွေ အမျိုးမျိုးလည်းရှိပါတယ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်စသည်ဖြင့်ပေါ့၊ အာရှရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အာဆီယံမှာလည်း အဲဒီလိုပါပဲ၊ နိုင်ငံအပေါ်လိုက်ပြီး စိန်ခေါ်မှုကွာပါတယ်။

အင်ဂျင်နီယာအလုပ်အကိုင်၊ လုပ်ငန်းခွင်ဟာဒီကနေ့ခေတ်မှာဘယ်လောက်အရေးပါတယ်လို့ထင်ပါ သလဲ။

အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ Core Business Index ကိုကြည့်ပြီးပြောနိုင်ပါတယ်၊ ဒီအလုပ် အကိုင်နယ်ပယ်ကလည်း အကောင်းဘက်ဆီကို သွားနေပါတယ်၊ ဒီဒေသမှာ ဖွံ့ဖြိုးဆဲဒေသတွေမှာလည်း အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာတာတွေ့ရပါတယ်။

NI ရဲ့ပုံမှန်ဖောက်သည်တွေအနေနဲ့ အနာဂတ်မှာဘာတွေမြင်တွေ့ရဖို့ရှိပါသလဲ။

ကျွန်တော်တို့ရဲ့ နည်းပညာသစ်တွေကို မြင်ရဖို့ရှိပါတယ်၊ ကျွန်တော်တို့ဆီမှာ အမြတ်ငွေ ၆၀ ရာခိုင်နှုန်းက သုတေသနလုပ်ငန်း (R&D) အတွက်သုံးတာမို့ အဲဒီကနေတစ်ဆင့် ထွက်ပေါ်လာမယ့် အသစ်အသစ်သော ထုတ်ကုန်တွေကို မြင်တွေ့ရဖို့ရှိပါတယ်။ အသုံးပြုသူအနေနဲ့ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို လိုက်လျောညီထွေရှိတဲ့ ပုံစံတွေနဲ့ဆက်လက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် စကားလက်ဆောင်လေးပြောပေးပါ။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို သင်ကြားရေး၊ လက်တွေ့အသုံးချရေးမှာ အသုံးပြုနေတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ၊ အသုံးပြုသူတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေ၊ နည်းပညာတွေကို မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်းတွေမှာပိုပြီး နီးကပ်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။