New Normal ပုံစံဖြင့် ပထမအကြိမ် ကျင်းပသည့် Cyber SEA GAME 2020 တွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်

အာဆီယံဒေသအတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးတို့ အတွက် ဆောင်ရွက်လျက်ရှိတဲ့ ASEAN-JAPAN Cybersecurity Capacity Building Center (AJCCBC) ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Cyber SEA Game ကို ယခုနှစ်မှာ New Normal ပုံစံနဲ့ ပထမအကြိမ် စတင်ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ Cyber SEA GAME 2020 – ASEAN Cybersecurity Competition ကို ဂျပန်-အာဆီယံ ပူးပေါင်းရန်ပုံငွေ (JAIF-2.0) မှ ထောက်ပံ့ပေးထားပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲအထိ ၅ နာရီကြာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ ပြိုင်ပွဲဝင် ၄ ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြိုင်ပွဲမှာ Binary, Crypto,Forensic, Network,Misc,OS, Pwn, Reversing နဲ့ Web မေးခွန်းတွေကို ဖြေဆိုယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ယခုနှစ် Cyber SEA GAME ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်း အနေနဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက အငယ်တန်းအင်ဂျင်နီယာ (၂) များဖြစ်ကြတဲ့ ဒေါ်ပွင့်ဖုန်းဇော်၊ ဒေါ်မြတ်သဇင်မွန်၊ ဒေါ်ရွှေဝတ်ရည်နဲ့ ဒေါ်မျိုးသီတာနွယ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံအသင်းအနေဖြင့် Cyber SEA GAME 2015 တွင် အဆင့် (၈)၊ Cyber SEA GAME 2017 တွင် အဆင့် (၆)၊ Cyber SEA GAME 2018 တွင် အဆင့် (၆)၊ Cyber SEA GAME 2019 တွင် အဆင့် (၅) အသီးသီး ရရှိထားကြောင်း ၊ COVID-19ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားဆဲကာလ ဖြစ်တာကြောင့် အသွားအလာ ကန့်သတ်မှုများနဲ့ နိုင်ငံအလိုက် ထိန်းချုပ်တားမြစ်မှုလုပ်ငန်းစဉ်များကြောင့် သင်တန်းများ၊ Seminar များ အားလုံးအပေါ် သက်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း နဲ့ ဒီလိုဖြစ်တဲ့အတွက် သင်တန်းများနဲ့ ပြိုင်ပွဲများကို လူကိုယ်တိုင်တွေ့ဆုံသင်ကြားမှုများ အစား အွန်လိုင်းအသွင်ဖြင့် ပြောင်းလဲလုပ်ဆောင်လာတဲ့ “New Normal” ပုံစံနဲ့ ကျင်းပလာရကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««