NASA မှ ကနဦးဖန်တီးခဲ့တဲ့ နေ့စဉ်သုံး ထုတ်ကုန် (၁၀) မျိုး

(၁) Memory Foam မွေ့ရာ

၁၉၆၆ ခုနှစ်မှာ NASA က ယာဉ်အတက်နဲ့ အဆင်းအတွင်း ထိခိုက်တုန်ခါမှု ကာကွယ်ပေးဖို့အတွက် လေယာဉ်ထိုင်ခုံ ကောင်းကောင်းဖန်တီးဖို့ လေကြောင်းအတတ်ပညာရှင် ချားလ်ရော့စ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရော့စ်ရဲ့ဖန်တီးမှု ကာကွယ်မှုကောင်းကောင်း ပေးနိုင်ရုံတင် မဟုတ်ဘဲ သက်သောင့်သက်သာလည်း ရှိပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာတော့ NASA က memory foam ကို အများပြည်သူဆီ ဖြန့်ချိပေးလိုက်ပါတယ်။

(၂) Nike Air Sneakers

Nike Air ဖိနပ်တွေရဲ့ တုန်ခါမှုဒဏ်ခံနိုင်ရည်ရှိတဲ့ အောက်ခံပြားတွေကို NASA အင်ဂျင်နီယာဟောင်း အမ်ဖရန့်ရူဒီက မူပိုင်ခွင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ အမ်ဖရန့်ရူဒီဟာ အပိုလို ခရီးစဉ်အတွင်း အာကာသဦးထုပ်တွေမှာ “blow rubber molding” နည်းပညာကို အသုံးပြုခဲ့သူဖြစ်ပါတယ်။

(၃) Computer Mice

ကမ္ဘာတစ်ဝန်းမှာ ကွန်ပျူတာတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခင်က တစ်ကိုယ်ရေသုံး ထုတ်ကုန်ထက် နံရံပေါ်က ခလုတ်ခုံလိုမျိုး ဂဏန်းသင်္ချာစက်ကြီးတွေပဲ ဖြစ်ပါတယ်။ NASA အနေနဲ့ အာကာသခရီးသွားလာရေး ကဏ္ဍအားလုံးကို စတင် အသုံးချခဲ့ပါတယ်။ ကွန်ပျူတာကို လူသားတွေ အလွယ်တကူ အသုံးပြုလို့ရအောင် NASA ဖန်တီးလိုပါတယ်။ ဒါကြောင့် NASA က ကွန်ပျူတာသုံးစွဲမှုနယ်ပယ်ကို ကျယ်ပြန့်စေဖို့ စတန်းဖို့ဒ်သုတေသနတက္ကသိုလ် အင်ဂျင်နီယာ ဒေါ့အန်ဂယ်ဘာ့ကို ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ အန်ဂယ်ဘာ့က ကွန်ပျူတာ mouse ကို အများပြည်သူကို ပြသခဲ့ပြီး ကွန်ပျူတာသုံးစွဲမှု နည်းလမ်းကို ပြောင်းလဲလိုက်ပါတယ်။

(၄) အစင်းရာမထင်တဲ့ မျက်မှန်

၁၉၇၂ခုနှစ်မှာ အစားအသောက်နဲ့ဆေးဝါးစီမံကွပ်ကွဲရေးအဖွဲ့က မျက်မှန် မှန်ဘီလူးတွေ ကွဲအက်ခြင်းမရှိရဘူး ဆိုတဲ့ စည်းမျဉ်းထုတ်ပြန်ခဲ့ပါတယ်။ ထုတ်လုပ်သူတွေက မှန်တွေကို ပလတ်စတစ်အစားထိုးပြီး ထုတ်လုပ်ခဲ့ကြပါတယ်။ အားနည်းချက်ကတော့ ပလတ်စတစ်တွေက အစင်းရာတွေ ခံနိုင်ရည်မရှိပါဘူး။ အဲဒီအချိန်မှာ NASA ကအာကာယာဉ်မှူးဦးထုပ်တွေနဲ့ အာကာယာဉ်မှူးသုံး အခြားပစ္စည်းတွေအတွက် ပလတ်စတစ်ကို စတင် သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် မထင်မှတ်ဘဲ အဖြေကို တွေ့ရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ​တော့ Foster-Grant ကော်ပိုရှေးရှင်းက အစင်းရာမထင်တဲ့ နည်းပညာကို တိုးတက်အောင် ဆက်လက်ဖန်တီးဖို့ NASA ဆီက ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီနည်းပညာက ဈေးကွက်ထဲ ရောက်ရှိလာပါတယ်။

(၅) ဆယ်လ်ဖုန်းကင်မရာများ

NASA ရဲ့ဂျက်တွန်းကန်မှု ဓာတ်ခွဲခန်းက အဲရစ်ဖိုဆမ်ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ၁၉၉၀ ကာလအတွင်း ဒီဂျစ်တယ်ဓာတ်ပုံပညာမှာ အသုံးပြုခဲ့တဲ့ CMOS sensor တွေတိုးတက်အောင် ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အာကာသခရီးစဉ်အတွင်းမှာ ကင်မရာ အသေးစားကနေ ရုပ်ထွက်အရည်အသွေးမြင့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ ကြိုးစားတဲ့ သုတေသနဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ နည်းပညာကို GoPros အပြင် ဆယ်လ်ဖုန်းကင်မရာတွေနဲ့ X-rays မှာလည်း အသုံးပြုနေကြပါတယ်။

(၆) ဖုန်စုပ်စက်အသေးစား

NASA နဲ့ Black and Decker အကြားပူးပေါင်းမှုကြောင့် ကြိုးမဲ့ ဖုန်စုပ်စက်အသေးစား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Black and Decker အနေနဲ့ အာကာသယာဉ်မှူးတွေက လပေါ်မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ စက်ပစ္စည်းတွေး အလွယ်တကူ အသုံးပြုနိုင်အောင် ကူညီဖန်တီးပေးခဲ့ပါတယ်။

(၇) ကလေးနို့မှုန့်

၁၉၈၀ ခုနှစ်တွေမှာတော့ NASA သိပ္ပံပညာရှင်တွေက အာကာသခရီးရှည်တွေ သွားလာတဲ့အခါ အစားအစာနဲ့ အာဟာရရင်းမြစ် အဖြစ် microalgae ကိုစူးစမ်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အရသာကြွယ်ဝလှတဲ့ microalgae ကို Formulaid မူပိုင်ခွင့်တင်ဖို့ အသုံးပြုခဲ့ပါတယ်။ Formulaid ဟာ ကလေးနို့မှုန့်များစွာမှာ အကျိုးပြုတဲ့ ဖြည့်စွက်ချက်တစ်ခု ဖြစ်ပါတယ်။

(၈) အဝေးပြေးလမ်းမလုံခြုံရေး

လေယာဉ်ပြေးလမ်းတွေမှာ မတော်တဆဖြစ်ရပ်တွေ လျှော့ချဖို့ NASA ကဆန်းသစ်တီထွင်မှုရှိတဲ့ လမ်းမျက်နှာပြင် မျှော့ကြောင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီနည်းလမ်းက တာရာပွတ်တိုက်မှုကို ပိုမိုကောင်းမွန်စေသလို စီးပွားဖြစ်လေဆိပ် ပြေးလမ်းတွေနဲ့ နိုင်ငံတစ်ဝန်းက အဓိက အဝေးပြေးလမ်းမှာလည်း အသုံးပြုနေကြပါတယ်။ ဒါ့အပြင် လမ်းချော်တတ်တဲ့ အဝေးပြေးလမ်းမပေါ်က ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ မတော်တဆဖြစ်ရပ်တွေကို ၁၀၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးပါတယ်။

(၉) အလွယ်တကူမမြင်နိုင်တဲ့ brace

လူတွေရဲ့သွားကို အလွယ်တကူ ပြုပြင်နိုင်အောင် Invisalign လိုမျိုး နာမည်ကျော် ကုမ္ပဏီကပြုလုပ်ခဲ့ပါတယ်။ အဲဒီ brace က အပူချိန်နဲ့ ပစ်မှတ်ရှာဖွေတဲ့ ဒုံးကျည်ကို ခြေရာခံတဲ့ NASA နည်းပညာက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အဲဒီ brace မှာအသုံးပြုတဲ့ အရာဝတ္ထုက စတီးထက် မာကျောနိုင်တဲ့ “transparent polycrystalline alumina” လို့အမည်ရပါတယ်။

(၁၀) GPS

NASA ရဲ့အလွန်တိကျမှု မြင့်မားတဲ့ Global Positioning System ဒါမှမဟုတ် GPS ကြောင့် စာရွက်နဲ့ မြေပုံကြည့်ရတဲ့ ဒုက္ခ ကင်းလွတ်သွားပါပြီ။ ရေဒီယိုလှိုင်းနဲ့ လမ်းညွှန်တဲ့စနစ်က ဂြိုဟ်တု ၃၀ ကျော်ကို တစ်ခုတည်းအဖြစ် အသုံးပြုပြီး မြေပြင်ထိန်းချုပ်မှု ကွန်ရက်က ဂြိုဟ်တုတွေရဲ့ လှုပ်ရှားမှုကို ခြေရာခံပေးပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာတော့ GPS တိကျမှုက ၁၅ မီတာကနေ ၅ စင်တီမီတာ တိုးတက်လာပါတယ်။ NASA ရဲ့ အာကာခရီးစဉ်တွေအတွက်လည်း အရေးပါလာသလို ကမ္ဘာမြေပေါ်က ခရီးသွားလာတဲ့ လူသားတွေအတွက်လည်း မရှိမဖြစ် လိုအပ်လာပါတယ်။

စိုးထက်

Ref: One37PM