MytelPay နှင့် CB Bank တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

MytelPay နဲ့ Co-Operative Bank Limited (CB Bank) တို့ရဲ့ ပူးတွဲအမှတ်တံဆိပ်ဖြစ်တဲ့ Credit Card အမျိုးအစား MytelPay – CB MasterCard ကိုပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်စာချုပ် လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

MytelPay နဲ့ CB Bank တို့ရဲ့ မိတ်ဖက်ပူးပေါင်းမှုမှာ အဖွဲ့အစည်းနှစ်ခုအကြား သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် ငွေပေးချေမှုအကောင့် (Mobile Financial Service account) ကို ဘဏ်ကတ်နဲ့ပါ အသုံးပြုနိုင်သမယ့် Co-Brand ပထမဆုံးသော ငွေပေးချေမှုစနစ်တစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။ MytelPay – CB MasterCard ပူးတွဲအမှတ်တံဆိပ်ပါကတ်ကို မကြာမီ ကာလအတွင်း စတင် မိတ်ဆက် ပေးသွားမှာဖြစ်ပြီး အဆိုပါ ကတ်ကို မြန်မာနိုင်ငံရှိ ထောင်ပေါင်းများစွာသော စားသောက်ဆိုင်များနဲ့ ဈေးဆိုင်များမှာ အသုံးပြုနိုင်မယ့်အပြင် ပြည်ပရှိ အွန်လိုင်းစျေးဝယ်ခြင်းများ အတွက် လွယ်ကူစွာ ငွေပေးချေနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မဝေးတော့တဲ့အနာဂတ်မှာ ပြည်တွင်းရောပြည်ပပါ မကျန် စားသောက်ဆိုင်၊ ဈေးဆိုင်၊ အွန်လိုင်းရှော့ပင်းတို့လို နေရာတိုင်းမှာ လွယ်လွယ်ကူကူ ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။ အခု လက်တွဲ ဆောင်ရွက်တဲ့ MytelPay၊ CB Bank နဲ့ MasterCard တို့ ပူး‌ပေါင်းထုတ်လုပ်တဲ့ MytelPay – CB MasterCard ငွေပေးချေကတ်ဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတစ်ခု ဖြစ်မယ်လို့ ယုံကြည်ထားပြီး အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးအစီအစဉ်တွေအတွက် အထောက်အပံ့ပေးတဲ့စနစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ MytelPay ကနေ အခုလို ခေတ်မီကောင်းမွန်တဲ့ ငွေပေးချေမှု စနစ်တွေအပြင် MytelPay Customer များအတွက် အကောင်းတကာ့ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးနိုင် အောင်လည်း အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်” လို့ MytelPay ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Hoàng Trung Thanh က ပြောပါတယ်။

MytelPay သုံးစွဲသူများအနေနဲ့ MytelPay – CB MasterCard ကို MytelPay အက်ပလီကေးရှင်းမှ တစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်ပြီး MytelPay – CB Master Card ခရက်ဒစ်ကတ် သုံးစွဲနိုင်မှု ကန့်သတ်ချက်ကိုမူ MytelPay Wallet Balance အပေါ်အခြေခံ၍ အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ MasterCard အသုံးပြု၍ရတဲ့ မည်သည့် ATM, POS နဲ့ eCommerce များမှာမဆို MytelPay – CB MasterCard ကို သုံးစွဲနိုင်မှာဖြစ်ကာ MytelPay ကို ၂၀၁၉ ခုနှစ် ဇွန် ၉ ရက်က စတင်မိတ်ဆက်ခဲ့ပြီး အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««