Myanmar Youth Technopreneurship Development Program မှ ရန်ကုန်အတွက် အသင်းငါးသင်း ရွေးချယ်

ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ Myanmar Youth Technopreneurship Development Program မှာ ရန်ကုန်အသင်း ၁၃ သင်းကနေ ငါးသင်းကို အမှတ်ပေးစနစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီ အသင်းတွေကတော့ Myplayer, Secret Art, Cyber e – Sports Portal, Butterfly, နဲ့ Doctor Kyaw အသင်းတွေဖြစ်ပါတယ်။ အသင်းတွေအနေနဲ့ မိုဘိုင်း Application ကိုအခြေခံကာ အသုံးပြုရတဲ့ နည်းပညာတွေ၊ Web Portal၊ Blockchain နည်းပညာပရောဂျက်တွေကို အမှတ်ပေးဒိုင်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက အသင်းငါးသင်း၊ မန္တလေးတိုင်းဒေသကြီးက အသင်းငါးသင်း စုစုပေါင်း အသင်း ၁၀ သင်းကိုရွေးချယ်သွားမှာဖြစ်ကာ နောက်ဆုံးအဆင့်အနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ သုံးသင်းကို ရွေးချယ်အနိုင်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနိုင်ရရှိတဲ့ အသင်းသုံးသင်းအနက် တစ်သင်းစီကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီမှတ်ပုံတင်ပေးမှာဖြစ်သလို Kanaung Hub မှာလည်း အလုပ်နေရာအဖြစ် ခြောက်လကြာ အလုပ်ရုံးခန်းဖွင့်နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

-အောင်သက်ကို