Myanmar Youth Technopreneurship Development Program ပါဝင်ရန် အထက်မြန်မာပြည်မှ အသင်းငါးသင်းရွေးချယ်

Myanmar Youth Technopreneurship Development Program မှ အထက်မြန်မာပြည်ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေထဲက ဆန်ခါတင်ငါးသင်းကို ရွေးချယ်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှ အသင်းငါးသင်းကို ဇန်နဝါရီ ၂၇ ရက်က မန္တလေး ရတနာပုံစူပါစင်တာ၊ MICT-Park မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းထဲကမှ ရွေးချယ်ခံရတဲ့ အသင်းငါးသင်းတွေကတော့ Myanmar CNC, Baby Lovers, Team Liquid, Team Hexasky နဲ့ Particles တို့ပဲဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ အသင်းတွေအနေနဲ့ အမှတ်ပေးဒိုင်တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေရဲ့ အသုံးဝင်ပုံကို သရုပ်ပြရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ မန္တလေးတိုင်းဒေသကြီးက အသင်းငါးသင်း၊ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်ခံအသင်းငါးသင်း၊ စုစုပေါင်း အသင်း ၁၀ သင်းမှာ ထပ်မံယှဉ်ပြိုင်ရဦးမှာဖြစ်ကာ နောက်ဆုံး ပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီ ၁၁ ရက်၊ ရန်ကုန် MICT Park ထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

-အောင်သက်ကို