Myanmar Cyber Security ဆိုင်ရာပြိုင်ပွဲ စတင်လျှောက်ထားနိုင်

Myanmar Cyber Security Challenge 2018 ပြိုင်ပွဲကို ကျင်းပတော့မယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲကို ရန်ကုန်မြို့မှာ လာမယ့်ဇန်န၀ါရီလ ၂၅ ရက်မှာကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ လူငယ်တွေအနေနဲ့ Cyber Security ပိုင်းဆိုင်ရာအသိအမြင်နဲ့ကျွမ်းကျင်မှုတွေတိုးတက်လာ စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး အသက် ၃၀ ထက်မကြီးတဲ့မြန်မာနိုင်ငံသားတွေပါဝင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့မှာခေါင်းဆောင်အပါအ၀င် အဖွဲ့ဝင်သုံးဦးရှိရမှာဖြစ် တယ်လို့သိရပါတယ်။ ပညာသင်ယူနေဆဲသူဆိုရင်တော့ သက်ဆိုင်ရာကျောင်းကခွင့်ပြုချက်ပါရမှာ ဖြစ်ပါတယ်။

MICT Park မှာကျင်းပသွားမယ့် အဲဒီအခမ်းအနားမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသူတွေကို ဇန်န၀ါရီ ၂၀ မှာ ကြေညာသွားမှာဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်မှာ လျှောက်လွှာပိတ်မှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေ ကို www.mcf.org.mm, www.mcpamyanmar.org.mm, www.mmcert.org.mm တို့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ mmCert အဖွဲ့ဝင်တွေ Cyber Security နဲ့ပတ်သက်ပြီး အစိုးရဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ လျှောက်လွှာတွေကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှာ လာရောက် ပေးပို့ရမှာဖြစ်ပါတယ်။ [email protected] ကို အီးမေးလ်ပို့ပြီးတော့လည်း ပေးပို့နိုင်ပါတယ်။

အဲဒီပြိုင်ပွဲအတွက် Web Security, Reverse Engineering, Cryptography, Pwn, Forensics, Miscellaneous တို့ကို လေ့လာထားရမှာ ဖြစ်ပါတယ်။ အကယ်၍ လျှောက်ထားသူ ၂၀ ဖွဲ့ထက်ကျော် လွန်လို့ရှိရင် အွန်လိုင်းစာမေးပွဲ စစ်ဆေးပြီးရွေးချယ် သွားမယ်လို့ သိရပါတယ်။ ပထမဆု ၁၀ သိန်း၊ ဒုတိ ယဆု ၇ သိန်းနဲ့ တတိယဆု ၅ သိန်းကျပ် ရမှာဖြစ်ပါတယ်။ ဆုအားလုံးအတွက် Trophy နဲ့ Certificate တို့ပေးအပ်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲဆိုင်ရာ ကိစ္စအဝဝနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုတာတွေကို မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်၊ mmCert ရုံးတွေကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း