Myanmar COVID-19 Technology Taskforce ဖွဲ့စည်းမည်

ပြည်တွင်းပြည်ပမှ သတင်းအချက်အလက် နည်းပညာအင်အားစုများကို စုစည်းပြီး ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် Technology Taskforce ကို ဖွဲ့စည်းရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ Technology Taskforce တွင်ပါဝင်ရန်အတွက် လက်ရှိအချိန်ကာလအထိ volunteer ၂၅၀ ဦး စာရင်း ပေးသွင်းထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပြုလုပ်တဲ့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုတွေကို ရှင်းလင်းပြောကြားခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

အဆိုပါ Myanmar COVID-19 Technology Taskforce တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်/လုပ်ငန်းရှင်အသင်းများ၊ ပြည်တွင်းမှကျွမ်းကျင်သူများအပြင် ပြည်ပရောက် ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပါတယ်။

“Myanmar COVID-19 Technology Taskforce မှာပါဝင်ဖို့ အွန်လိုင်းကနေ စာရင်းပေးထားတာ လူဦးရေ ၂၅၀ လောက်ရှိပါပြီ။ ပြီးရင် Group တွေဖွဲ့ပြီးတော့ လုပ်စရာရှိတဲ့ ကဏ္ဍတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ဖွဲ့ထားတဲ့ Group တွေကို Online Communication Platform နဲ့ ချိတ်ဆက်ပြီး ဆက်လက် လုပ်ဆောင်ရမှာတွေကို ဆွေးနွေးသွားပါမယ်” လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်သော မိဘပြည်သူများ၊ လုပ်ငန်းများနှင့် ကျောင်းသားကျောင်းသူတွေအတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေး အချိန်ကာလအတွင်း မိမိတို့၏ နေအိမ်မှနေကာ အေးဆေးစွာ အလုပ်လုပ်နိုင်စေရန်နှင့် ပညာလေ့လာသင်ယူနိုင်စေရန် ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ မိုဘိုင်းဒေတာများသုံးစွဲရာမှာ မိုဘိုင်းဒေတာ အသုံးပြုသူများ သက်သာစွာ သုံးစွဲနိုင်ရေးအတွက် Price Floor (ကြမ်းခင်းစျေးနှုန်းများ) သတ်မှတ်ခြင်းကို ဖြေလျှော့ပေးနိုင်ရေး၊ e-learning site များကို ကာလတစ်ခုအတွင်း အခမဲ့ သို့မဟုတ် မိုဘိုင်းဒေတာနှုန်းထား သက်သာစွာဖြင့် အသုံးပြုခွင့်ရရှိနိုင်ရေး၊ Video Conferencing နှင့် Online Collaboration လုပ်နိုင်ရန် အတွက် MS Teams, Google Hangouts, Slack, Zoom, WebEx, Skype အစရှိသော platform များကို ကာလတစ်ခုအတွင်း အခမဲ့ သို့မဟုတ် မိုဘိုင်းဒေတာ နှုန်းထားသက်သာစွာဖြင့် အသုံးပြုခွင့် ရရှိနိုင်ရေး၊ Facebook နဲ့ Viber တွေမှာ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် တရားဝင် သတင်းထုတ်ပြန်နေသောစာမျက်နှာများ Verified profiles (blue badges) များရရှိရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် သတင်းအမှားများပပျောက်အောင် တိုက်ဖျက်ရန်နှင့် သတင်းမှန်များပြန့်ပွားရန် ကူညီဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိသလို နည်းပညာဆိုင်ရာ စီမံကိန်းတွေအနေနဲ့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးနှင့်ဆိုင်သော ဗဟုသုတများ၊ လိုက်နာရမယ့် စည်းကမ်းများ၊ သတင်းများကို မိဘပြည်သူများ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် Covid-19 Portal တစ်ခုတည်ဆောက်ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် Chat Bot များအား တည်ဆောက်ခြင်းအပြင် အသုံးလိုတဲ့ ဌာနဆိုင်ရာများအတွက် နည်းပညာကူညီထောက်ပံ့ခြင်း၊ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးကာလအတွင်း ကူးစက်ခံရသူနှင့် သံသယရှိသူတွေအတွက် Quarantine Reporting နှင့် Tracing App များ အကောင်အထည်ဖော်ခြင်း Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးနှင့် အခြားအုပ်ချုပ်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်တဲ့နည်းပညာများ အသင့်ပြင်ဆင်ထားခြင်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“Covid-19 Portal တစ်ခုကတော့ သိပ်မကြာခင်မှာ ထွက်ရှိလာပါမယ်။ MCF ဝက်ဘ်ဆိုက်မှာလည်း ဆက်ရှင်တစ်ခု ထပ်တိုးလုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ကာလမှာ Quarantine လုပ်နေတဲ့သူတွေအတွက် Quarantine Reporting နဲ့ Tracing App တွေအကောင်အထည်ဖော်ဖို့ ပြည်နယ်၊ တိုင်း တွေမှာရှိတဲ့ အဖွဲ့တွေရယ် တာဝန်ရှိသူတွေရယ် ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် အလှူရှင်ကြီးများအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာနများနဲ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI တို့ကို ဆက်သွယ်လှူဒါန်းနိုင်သလို အလှူရှင်ငယ်များ (Micro Donations) နဲ့ ပြည်ပရောက် မြန်မာများအတွက် အွန်လိုင်းမှ လှူဒါန်းနိုင်မယ့် Crowd Funding Platform တစ်ခု ထူထောင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။