Myanmar Blogger’s Forum ကျင်းပမည်

Myanmar Blogger Society ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Myanmar Blogger’s Forum ကျင်းပမည်ဖြစ်ပြီး ၎င်းအခမ်းအနားကို Responding of influencer နာမည်နဲ့ ကျင်းပမယ်လို့ ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။

အဲဒီ MBS 10th anniversary အထိမ်းအမှတ်ပွဲမှာ လက်ရှိလူမှုကွန်ယက်ပေါ်က ထင်ရှားသူတွေရဲ့ lifestyle, opinions, experience တွေ မျှဝေသွားမယ်လို့ သိရပါတယ်။ သူတို့တွေရဲ့ ရေးသားပြောဆိုပြုမူနေထိုင်မှုတွေက လူတွေရဲ့နေ့စဉ်ဘဝ၊ စီးပွားရေး အခွင့်အလမ်းနဲ့ ဘယ်လိုစပ်ဆက်နေတယ် ဘယ်လို Impact တွေရှိလာတယ်ဆိုတာတွေကို အဓိကထား ဆွေးနွေး သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားတာတွေ့ရပါတယ်။ ၎င်းအခမ်းအနားကို ဘယ်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး ဝင်ကြေးအခမဲ့လို့ သိရပါတယ်။ လာမယ့် စက်တင်ဘာ ၃၀ ရက်၊ ညနေ ၃ နာရီကနေ ၇ နာရီအထိ ကျင်းပမှာဖြစ်ပြီး နေရာကတော့ အမှတ် ၆၀၊ ရတနာသုခလမ်း၊ လေးတောင့်ကန်လမ်းမ၊ သင်္ဃန်းကျွန်းမှာလို့ ဆိုပါတယ်။

တက်ရောက်လာသူတွေအနေနဲ့လည်း နေ့စဉ်နေ့တိုင်း ထိတွေ့နေရတဲ့ လူမှုကွန်ယက်နဲ့ internet platform ပေါ်မှာ ထင်ရှားသူတစ်ယောက်ဖြစ်လာနိုင်ပြီး ကိုယ်ကသာ လူမှူကွန်ယက်ပေါ်က ထင်ရှားသူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ စတိုင်၊ ကိုယ်ရေးတဲ့ အကြောင်းအရာတွေကို စောင့်ကြည့်နေကြတဲ့ ပရိတ်သတ်နဲ့ ထိုးနှက်လိုသူတွေကြားမှာ ဘယ်လို တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းမှာလဲ၊ ဒါက ကိုယ်နဲ့ကိုယ့် ပတ်ဝန်းကျင်မှာ ဘယ်လိုကွာဟမှုတွေရှိ လာနိုင်မလဲ၊ ထင်ရှားကျော်ကြားသူ တစ်ယောက်အတွက် စီးပွားရေးအခွင့်အလမ်းတွေက ဘယ်လိုရှိလာနိုင်မလဲ အစရှိတဲ့အကြောင်းအရာတွေကို နားထောင်သိရှိနိုင်မှာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်များပြားလာတဲ့ မိုဘိုင်းအသုံးပြုသူနဲ့ အင်တာနက်အသုံးပြုသူတွေ အကြား လူမှု ကွန်ယက်ပေါ်ကသတင်းတွေ အချက်အလက်တွေရဲ့လွှမ်းမိုးမှုအများဆုံးကြုံတွေ့နေရပြီး လူမှုရေးနဲ့ စီးပွားရေး အောင်မြင်မှုတွေ၊ အလုပ်အကိုင်နဲ့ ဈေးရောင်းဈေးဝယ် ကိစ္စရပ်တွေရဲ့ကောင်းကျိုးဆိုးကျိုး သတင်းအချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Cyber bully and cyber abuse လိုမျိုး ထိခိုက်နိုင်တဲ့ အကြောင်းအရင်းတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေ၊ လူမှုရေးကျင့်ဝတ်တွေကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။

မည်သူမဆို တက်ရောက်နိုင်မယ့် Myanmar Blogger Forum နဲ့ပတ်သက်တဲ့ အသေးစိတ်အချက် အလက်တွေကို facebook.com/myanmarbloggerssociety မှာကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ ပုံမှန်ကျင်းပတဲ့ သြဂုတ် ၃၁ အစား ယခုနှစ်မှာတော့ စက်တင်ဘာ ၃၀ မှာ ပြောင်းလဲကျင်းပတာ ဖြစ်ပါတယ်။

-ထွန်းထွန်း