Musoni က ပြည်တွင်းဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုနှင့်ပူးပေါင်း

ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေမှာ အသုံးပြုနေတဲ့ Musoni System က ပြည်တွင်းအခြေခံ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီ ThitsaWorks နဲ့ ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

ThitsaWorks အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ဖို့ Musoni ရဲ့ Core Banking System ကို ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။ အဲဒီဝန်ဆောင်မှုမှာ အသေးစားချေးငွေကဏ္ဍရဲ့ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေ အသုံးပြုသွားမှာဖြစ်ပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် တစ်ကြိမ်တည်းနဲ့ ငွေလွှဲခြင်းတွေ ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုတွေ၊ ငွေပေးချေဖို့ရှိတာတွေကို အလိုလျောက်သတိပေးတဲ့ SMS စနစ်၊ ချေးငွေအရာ ရှိတွေအနေနဲ့ tablet တွေနဲ့ အင်တာနက် အသုံးပြုစရာမလိုဘဲ သတင်းအချက်အလက်တွေ ရယူနိုင်မယ့် app ၊ မိုဘိုင်းဖုန်းနဲ့ အသုံးပြုနိုင်မယ့် ဘဏ်လုပ်ငန်းဆိုင်ရာ App အစရှိတဲ့ နည်းပညာတွေ ပါဝင်မယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဒီဂျစ်တယ်ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို အဓိကအသုံးပြုဖြစ်ဖို့ အချိန်အခါ ကျရောက်နေပါပြီ၊ အခုလို ThitsaWorks နဲ့ Musoni အကျိုးတူလက်တွဲ လိုက်တာကနေတစ်ဆင့် ဒီကဏ္ဍမှာ ဖြစ်လာမယ့် အကျိုးကျေးဇူးတွေအတွက် ဝမ်းမြောက်မိပါတယ်” လို့ ThitsaWorks ရဲ့အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ဦးညီငြိမ်းအေးက ပြောပါတယ်။ အကျိုးတူလက်တွဲခြင်းအနေနဲ့ မြန်မာဘာသာနဲ့ ဝန်ဆောင်မှုပေးတာ၊ Musoni ရဲ့ပင်မဆော့ဖ်ဝဲစနစ်ထဲမှာ ဈေးကွက်အတွင်း သီးသန့်လိုအပ်တဲ့ မြန်မာ့ဘဏ္ဍာရေး နည်းဥပဒေဆိုင်ရာပင်မ အစီရင်ခံစာတွေ ထည့်သွင်းတာမျိုးလို ကုမ္ပဏီနှစ်ခုရဲ့ အားသာချက်တွေ အားလုံးကိုပေါင်းစည်း လိုက်တာလို့ဆိုပါတယ်။

-ထွန်းထွန်း