Murder by Numbers

ပြည်တွင်းမှာ PC တွေနဲ့ပဲ ဂိမ်းကစားသူများတော့ အခုတစ်ပတ်မှာ တစ်ယောက်တည်း ကစားလို့ကောင်းမယ့် PC ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Murder by Numbers က ပဟေဠိဂိမ်းဖြစ်ပြီး အသတ်ခံရတဲ့ လူတွေအတွက် ဘယ်လို အသတ်ခံရတယ်ဆိုတာကို စုံစမ်းပြီး တရားခံဖော်ထုတ်ရမယ့်ဂိမ်းပါ။ အရင်က ကစားခဲ့ဖူးမယ့် ပဟေဠိဂိမ်းတွေနဲ့ စာရင်ထူးခြားချက်တွေ ပါရှိပါတယ်။ အဓိကအနေနဲ့တော့ အကူပါလာခြင်းပါ။ ရှေ့ထွက်ပဟေဠိ ဂိမ်းအများစုက တစ်ယောက်တည်း ကစားရမယ်၊ ဒါမှမဟုတ် Multi ကစားလို့ရရင်လဲ ကစားသမားနှစ်ယောက် တွဲကစားပြီး တစ်ယောက်နဲ့ တစ်ယောက်တွဲခေါ် အနိုင်ရအောင် ကစားရတာပေါ့။ အခုဂိမ်းကတော့ Single ပဲ ကစားနိုင်မယ့် ဂိမ်းပါ၊ ဒါပေမဲ့ ကစားသူအတွက် Scout ဆိုတဲ့ စက်ရုပ်လေး ပါလာပါတယ်။

ဇာတ်လမ်းသွားတလျှောက် မိမိလိုအပ်တဲ့ အကူအညီတွေကို Scout ဆီကနေ ရနိုင်ပါတယ်။ အဓိကအနေနဲ့တော့ အချက်အလက်တွေ၊ မှတ်တမ်းတွေကို Scout ဆီကနေ ရှာဖွေနိုင်ပြီး တရားခံဖော်ထုတ်ဖို့ ပိုမိုလွယ်ကူသွားပါတယ်။ ရုပ်သံဇာတ်လမ်းတွဲကို အခြေခံဖန်တီးထားတဲ့ အခုဂိမ်းက ကစားသူအနေနဲ့ Mizrahi နေရာမှာ ပါဝင်ကစားရမှာပါ။ ဇာတ်လမ်းသွား ပုံစံတစ်ဆင့်ပြီး တစ်ဆင့် Unlock ဖြစ်ကာ ဆက်လက်ကစားနိုင်ပါလိမ့်မယ်။

ကစားသူရဲ့ အဆင့်ကိုတော့ ဘယ် Level ရောက်ပြီဆိုတာနဲ့ မသတ်မှတ်ဘဲ သီးသန့်သတ်မှတ်ထားတာ တွေ့ရပါတယ်။ ပထမဆုံး စတင်ကစားချိန်မှာ ကစားသူရဲ့ Level က F ကနေ စပါတယ်။ Rank သဘောမျိုးပါ။ အမှုတစ်ခုကို တရားခံ ဖော်ထုတ်နိုင်ရုံနဲ့တင် အမှတ်ပြည့်မရဘဲ သဲလွန်စ အားလုံးပြည့်စုံအောင် ရှာဖွေနိုင်မှု၊ အချိန်တိုအတွင်း တရားခံဖော်ထုတ်နိုင်မှုတွေက အမှတ်ပိုရစေပါတယ်။ သတ်မှတ်ရမှတ် ပြည့်ရင်တော့ နောက်ထပ် Level တက်သွားပါတယ်။ Normal တွေ၊ Hard တွေ ရွေးချယ်ကစားလို့မရဘဲ ကစားသူ ရဲ့ Rank သတ်မှတ်ချက် တက်လာလေလေ ဂိမ်းက ကစားရခက်ခဲအောင် ဖန်တီးထားလို့ သဘောကျစရာပါ။

အဆင့်တစ်ဆင့်ပြီးတိုင်း Bonus တွေလဲ ရပါတယ်။ Bonus တွေကိုတော့ ကစားသူအတွက် လိုအပ်တဲ့ ပစ္စည်းဝယ်ယူမှုတွေ၊ အဆင့်မြှင့်မှုတွေအတွက် သုံးနိုင်ပါတယ်။ ဂိမ်းစနစ်ကနေ သဲလွန်စချ ထားပေးမှုလည်း ရှိပါတယ်။ အခန်းတစ်ခန်းမှာ သဲလွန်စတောင်းဆိုနိုင်မှု ရှိပါတယ်။ မိမိအနေနဲ့ အမှုမှာဘယ်လိုမှ အစရှာမတွေ့ရင်တော့ စနစ်ကနေ သဲလွန်စတောင်းခံနိုင်ပါတယ်။ ဒါဆိုရင် ဆက်ကစားရ လွယ်သွားပါတယ်။ ဒါပေမဲ့ သဲလွန်စတောင်း ဆိုမှုအတွက် အဆိုပါအဆင့်မှာ သင်အနိုင်ရရင်တောင် Bonus လည်း မကောင်းတော့သလို Rank တက်နှုန်းလည်း နှေးသွားစေပါတယ်။

ကစားသူအနေနဲ့ အမှုဖြစ်ရာ နေရာမှာ ပစ္စည်းသဲလွန်စတွေ ရှာနိုင်မယ်၊ မျက်မြင်သက်သေတွေ စစ်နိုင်မယ်၊ အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးနိုင်တယ်၊ Scout ဆီကနေ အကူအညီရော ဂိမ်းစနစ်ဆီကပါ သဲလွန်စတောင်း ခံနိုင်ပါတယ်၊ အချိန်နဲ့ ကစားနိုင်သလို အချိန်သတ်မှတ်ချက်မပါဘဲလဲ ကစားနိုင်ပါတယ်။ အချိန်သတ်မှတ်ချက်နဲ့ ကစားရတာ ပိုအရသာတွေ့မှာပါ၊ အချိန်မီ အမှုဖော်နိုင်ဖို့ အာရုံစိုက်ရလို့ပါ။ အမှုပေါင်းများစွာ ထည့်သွင်းပါရှိသလို အထက်မှာ ပြောခဲ့သလိုပဲ Rank သတ်မှတ်ချက်အပေါ်မူတည်ပြီး အမှုဖော်ရခက်ခဲအောင်ပါ ဖန်တီးထားလို့ အမှုတစ်ခုတည်းကိုပဲ ရှုထောင့်မျိုးစုံကနေ ချဉ်းကပ်ရနိုင်ပါတယ်။ အမှုချင်း တူနေပေမယ့် တရားခံမတူတာတွေ၊ ဖော်ထုတ်ရမှု ပုံစံမတူတာ တွေရှိလာနိုင်ပါတယ်။ တစ်ယောက်တည်း သမားတွေ အတွက်တော့ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ၊ စုံထောက်အလုပ် ၀ါသနာပါရင်တော့ ပိုပြီး ကစားလို့ ကောင်းပါလိမ့်ဦးမယ်။