MSI GS66 Stealth

ဈေးနှုန်း ကန်ဒေါ်လာ ၂၆၉၉

အားသာချက်

ကိုယ်ထည်ပိုင်းက တည်ဆောက်ထားမှုက ပြေပြစ်ကျစ်လျစ်သေသပ်မှုရှိသလို ပေါ့ပါးမှုလည်းရှိပါတယ်။ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကျေနပ်စရာ ဂရပ်ဖစ်စနစ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ဂိမ်း Laptop တစ်လုံးအတွက် အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီကြာချိန်ကလည်း အားရစရာပါ။ နောက်တစ်ခုက အချက်အလက် ကူးပြောင်းမှုနှုန်းမြန်ဆန်တဲ့ SSD ထည့်သွင်းထားတာတွေက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

အသံကျယ်လောင်မှုရှိပေမယ့် ဘေ့စ်သံထွက်ပိုင်း သိပ်အားမရတာနဲ့ အနည်းငယ် ဈေးကြီးတယ်လို့ ခံစားရတာက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

MSI GS66 Stealth ရဲ့ အလွန်ပါးလွှာတဲ့ ultra-thin ကိုယ်ထည်က ပေါ့ပါးမှုရှိတာက အရင် ဂိမ်း Laptop ဆိုတာနဲ့ ကိုယ်ထည်လေးတယ် ဆိုတာနဲ့ တော်တော်လေးခွဲထွက်လာတယ်လို့ မြင်ပါတယ်။ ဘက်ထရီနဲ့ ၆ နာရီကြာ အသုံးပြုနိုင်တာကလည်း ကျေနပ်စရာကောင်းလှသလို ပြည့်ဝတဲ့ ဂိမ်းစွမ်းဆောင်ရည်နဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေအတွက် မြန်ဆန်ကောင်းမွန်ပြီး တည်ငြိမ်တဲ့ Laptop စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတာက တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ဆိုရမှာပါ။ VR ဂိမ်းတွေကိုလည်း အဆင်ပြေပြေ ကစားနိုင်တဲ့အတွက် ဂိမ်းနဲ့ပတ်သက်ပြီး စိတ်ချလက်ချ ကစားနိုင်မယ့် Laptop တစ်လုံးဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ ပေးရတဲ့ဈေးနဲ့ဆိုရင်တော့ အသံထွက်ပိုင်းက ဒီထက် ပိုကောင်းသင့်တယ်လို့ မြင်ပါတယ်။ Stealth ရဲ့ အမြန်နှုန်း 2.6GHz Intel Core-i7-10750H processor, RAM 16GB, 512GB NVMe SSD, Navidia GeForce RTX 2060 GPU (6GB VRAM) နဲ့ Screen refresh rate 144Hz ရှိတဲ့ 1920×1080 Display သုံးထားတဲ့ အခြေခံမော်ဒယ် က ဒေါ်လာ ၁၄၉၉ ပဲရှိပေမယ့် RAM 32GB, RTX 2080 Super Max-Q GPU (8GB VRAM) နဲ့ Screen refresh rate 300Hz ရှိတဲ့ Display မော်ဒယ်က ဒေါ်လာ ၂၆၉၉ ၊ Intel Core-i9-10980HK CPU နဲ့ 1TB NVMe SSD မော်ဒယ်ကတော့ ဒေါ်လာ ၂၉၉၉ ကျသင့်တာက ဈေးကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ မိမိက ဘက်ထရီကြာကြာခံပြီး ပေါ့ပါး ပါးလွှာကာ VR ဂိမ်းတွေကိုပါ အကောင်းဆုံး ဆော့ကစားနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဂိမ်း Laptop တစ်လုံး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီ Laptop က ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ ချောမွေ့ကောင်းမွန်တဲ့ ဂရပ်ဖစ်အတွက် 300Hz refresh rate ရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.6GHz ရှိတဲ့ 10th Gen Comet Lake H-Series processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia ရဲ့အသစ်ထွက် Super GPU ဖြစ်တဲ့ Nvidia GeForce RTX 2080 Super Max-Q GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512BB m.2 NVMe SSD တွေ ပါဝင်ပါတယ်။ စပီကာ အသံထွက်ပိုင်းက ကျယ်လောင်မှုရှိပေမယ့် ဘေ့စ်အသံထွက်ပိုင်းက တိုးတယ်လို့ ခံစားရစေပါတယ်။ ဒီ Laptop က ဂိမ်း Laptop တစ်လုံးမှာရှိသင့်တဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပိုင်ဆိုင်ထားပါတယ်။ ၅.၅x၂.၅ လက်မအရွယ်အစား Touchpad က ပုံမှန်ထက် အလျားကျယ်ကျယ်နဲ့ အသုံးပြုရမှာပါ။ ညာဘက်ဘောင်ထဲမှာ USB 3.1 ပေါက်၊ Ethernet ပေါက်နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB 3.1 ပေါက်၊ HDMI 2.0 ပေါက်၊ Thunderbolt 3 ပေါက်နဲ့ AC အားသွင်းပေါက်တွေ ထည့်သွင်းပေးထားပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၃၆ မိနစ်ခန့် အသုံးပြုနိုင်တာက ၅ နာရီနဲ့ ၄၇ မိနစ်ကြာသာ အသုံးပြုနိုင်တဲ့ Zephyrus ၊ ၄ နာရီနဲ့ ၁၂ မိနစ်ဝန်းကျင် အသုံးပြုနိုင်တဲ့ Blade 15 နဲ့ ၃ နာရီဝန်းကျင်သာ အသုံးပြုနိုင်တဲ့ Predator တို့ထက် ပိုကြာတဲ့ရလဒ် ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၁ ကီလို ဂရမ် (၄.၆၃ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

Ref: www.Laptopmag.com