MRTV Channel ကို SD စနစ်မှ HD စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်မည်

မြန်မာ့ရုပ်မြင်သံကြား MRTV Channel ကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး Standard Definition (SD) စနစ်မှ High Definition (HD) စနစ်အဖြစ် ပြောင်းလဲထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

MRTV Channel ကို ပုံမှန်ထုတ်လွှင့်နေတဲ့အတိုင်း Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ်ကို တွဲဖက်ပြီး ၁၅-၁-၂၀၂၀ ရက်မှ စတင်စမ်းသပ် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ပြီး HD စနစ် တစ်မျိုးတည်းဖြင့်သာ ပြောင်းလဲ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ HD စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲ ထုတ်လွှင့်မှုများဟာ အရုပ်အသံ အရည်အသွေး ကောင်းမွန်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ပြီး Digital စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေတဲ့ ရုပ်မြင်သံကြားဖမ်းစက်များအနေနဲ့ HD အရည်အသွေးအတိုင်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ Analogue စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေတဲ့ TV များမှာ ပြန်လည်ချိန်ညှိမှု လုပ်စရာမလိုဘဲ အရင်အတိုင်း ဖမ်းယူကြည့်ရှုနိုင်ပြီး DVB-T2 Set-top Box (သို့မဟုတ်) DVB-T2 Tuner ပါရှိတဲ့ LCD/LED TV တွေကတော့ အခုလ ၁၅ ရက်နေ့ကနေ စတင်ပြီး Auto Tuning ပြန်လည်ပြုလုပ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာ့ရုပ်မြင်သံကြားကြည့် ပရိသတ်တွေအနေနဲ့ ဖမ်းယူကြည့်ရှုရာမှာ အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက 9 Meter Earthstation (နေပြည်တော် တပ်ကုန်း ၊ ရုံးချုပ်) ဖုန်း၊ ၀၉-၄၀၈၀၈၂၀၉၀ နဲ့ 9 Meter Earthstation (ရန်ကုန် ၊ ပြည်လမ်း) ဖုန်း၊ ၀၉-၄၀၈၀၈၂၀၀၀ တို့ကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-ကျော်ဇေယျ