MPU ၏ Transaction Fee ပြောင်းလဲ ကောက်ခံမည်

Myanmar Payment Union ရဲ့ Transaction Fee ကိုပြောင်းလဲကောက်ခံသွားမယ်လို့ သိရပါတယ်။

လာမယ့်ဇန်နဝါရီလကနေ ပြောင်းလဲကောက်ခံမယ်လို့ MPU ကကြေညာထားပါတယ်။ MPU အဖွဲ့ဝင် ဘဏ်တွေ အားလုံးရဲ့သဘောတူဆုံးဖြတ်ချက်အရ ဆောင်ရွက်လိုက်တာလို့ ဆိုထားပြီး အဖွဲ့ဝင်ဘဏ် အချင်းချင်းရဲ့ ATM စက်မှာ ငွေသားထုတ်ယူတဲ့ (Off-Us) Transaction အတွက် Interchange Fee ကို ယခုလက်ရှိ ၀.၂% ကောက်ခံနေရာကနေ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှာ စတင်ပြီး ၀.၅% သို့ပြောင်းလဲကောက်ခံ သွားမှာဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

MPU ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၁-၈၆၀၃၉၈၄ /၀၁-၈၆၀၃၈၉၃ တို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖုန်းတွေကို တနင်္လာကနေ သောကြာနေ့မှာ နံနက် ၉ နာရီကနေ ည ၉ နာရီ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ နံနက် ၉ နာရီကနေ ည ၇ နာရီနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာတော့ နံနက် ၉ နာရီကနေ ည ၇ နာရီအထိ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

MPU ကတ်တွေကို ဆိုင်တွေရဲ့ POS( Point of sale) မှတစ်ဆင့် ပေးချေနိုင်တာဖြစ်ပြီး ချိတ်ဆက်ထားသော ဘဏ်တွေရဲ့ ကွန်ရက်အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ MPU (Myanmar Pay Union) ကွန်ရက်မှာ ဘဏ်ပေါင်း ၂၀ ကျော် ပါဝင်ပြီး လက်ရှိအချိန်မှာ အသုံးပြုသူ နှစ်သန်းကျော်ရှိပြီ ဖြစ်ပါတယ်။

-ထွန်းထွန်း