MPU ကတ်သုံးစွဲသူများ KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ ချက်ချင်းငွေဖြည့်သွင်းနိုင်မည်

အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရာမှာ အသုံးပြုဖို့ eCommerce မှတ်ပုံတင်ထားတဲ့ Myanmar Payment Union (MPU) ကတ်ကိုင်ဆောင်သူတွေဟာ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းကို ချက်ချင်း ငွေဖြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။

အဆိုပါလုပ်ဆောင်ချက်မှာ MPU Cash-In ဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ KBZPay Version 3.0 Application မှာ အသုံးပြုနိုင်မယ်လို့သိရပါတယ်။ ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးမပြုသူတွေအနေနဲ့လည်း အခြားပြည်တွင်းဘဏ်များမှ ထုတ်ပေးထားတဲ့ ကတ်တွေကို အသုံးပြုပြီး KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်းကို ငွေဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

“KBZPay အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ထဲမှာ ထည့်သွင်းထားတဲ့ လက်ကျန်ငွေ ပမာဏ ထူးထူးခြားခြား မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် အသုံးပြုသူတွေရဲ့ ငွေကြေးပမာဏ (၁၆၇%) မြင့်တက်လာခဲ့ပါတယ်။ MPU Cash-In လုပ်ဆောင်ချက်က ကျွန်တော်တို့ရဲ့ KBZPay အသုံးပြုသူတွေနဲ့ MPU ကတ်ကိုင်ဆောင်သူတွေကို ပိုပြီး အဆင်ပြေလွယ်ကူအောင် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ဒီရလဒ် ကိန်းဂဏန်းတွေဟာလည်း ဆက်လက် မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်”လို့ Mr. Chong Ho Yoon ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

MPU ကတ်ကိုင်ဆောင်သူတွေအနေနဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်း ငွေဖြည့်သွင်းခြင်းအတွက် တစ်ကြိမ်အတွက် ဝန်ဆောင်ခ ၂၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး တစ်ကြိမ်အတွက် အများဆုံး ငွေကျပ် ၃၀၀,၀၀၀ အထိ ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ရက်အတွက် ငွေကြေးလုပ်ဆောင်မှု ပမာဏ စုစုပေါင်း ငွေကျပ်တစ်သန်း အထိ ဖြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။

MPU Cash-In လုပ်ဆောင်ချက် အသုံးပြုရန်အတွက် KBZPay အသုံးပြုသူတွေအနေနဲ့ ၎င်းတို့ရဲ့ MPU ကတ်၊ ဘဏ်နဲ့ eCommerce လုပ်ဆောင်ဖို့ မိုဘိုင်းဖုန်းနံပါတ်တွေကို မှတ်ပုံတင်ဖို့လိုအပ်ပြီး eCommerce မှတ်ပုံတင်ဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်မှာ ဘဏ်တစ်ခုနှင့်တစ်ခု ကွာခြားမှုရှိနိုင်မယ်လို့သိရပါတယ်။KBZPay အသုံးပြုသူတွေအနေနဲ့ မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ MPU ကတ်အသုံးပြုကာ ငွေဖြည့်သွင်းသည့် လုပ်ဆောင်ချက်အတွက် ဗီဒီယို သင်ခန်းစာတွေကို KBZPay Application နဲ့ ဖေ့စ်ဘုတ်စာမျက်နှာ www.facebook.com/KBZPay တို့မှာ လေ့လာနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««