MPT Money ငွေဖြည့်သွင်းခြင်းကို ငွေပေးချေမှုကတ်များနှင့် NearMe ဆိုင်တို့မှပြုလုပ်နိုင်

MPT Money သုံးစွဲသူများအတွက် MPU, Visa, MasterCard, JCB နဲ့ UnionPay ကတ်များကို အသုံးပြုပြီး ငွေဖြည့်သွင်းနိုင်စေရန် ဆောင်ရွက်လိုက်သလို အနီးအနားရှိ NearMe ဆိုင်များတွင် လွယ်ကူလျင်မြန်သော အခမဲ့ငွေဖြည့်ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု) ကိုလည်း ထပ်မံတိုးချဲ့ မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

MPT Money သုံးစွဲသူတွေ အနေနဲ့ MPT Money အက်ပလီကေးရှင်း အသုံးပြုပြီး ၎င်းတို့ရဲ့ E-Wallets သို့ ငွေဖြည့်သွင်းမှုကို မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှ တစ်ဆင့် ပြုလုပ်နိုင်မှာဖြစ်ပြီး ငွေဖြည့်သွင်းမှုလုပ်ဆောင်နိုင်ရန်အတွက် ငွေပမာဏ အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် MPT Money သုံးစွဲသူတွေအနေနဲ့ NearMe ဆိုင်တွေဖြစ်တဲ့ မြို့နယ်ရပ်ကွက်အတွင်းရှိ ဆိုင်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များနဲ့ စက်သုံးဆီအရောင်းဆိုင်များမှာ ငွေပေးချေမှု အမျိုးမျိုးကို ပြုလုပ်နိုင်မယ်လို့ သိပါတယ်။ MPT Money အနေဖြင့် City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နဲ့ Denko ဆီဆိုင်များ အပါအဝင် လက်ရှိတွင် ကိုယ်စားလှယ်ပေါင်း (၅၀၀) ကျော်နဲ့ လက်တွဲဆောင်ရွက်လျက် ရှိပြီး အနည်းဆုံး ၁၀,၀၀၀ ကျပ် မှစ၍ Mobile Wallets အတွင်းသို့ လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် နီးစပ်ရာ NearMe ဆိုင်တွေမှာ ငွေဖြည့်ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က “ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေ အတွက် လုံခြုံစိတ်ချမှုနဲ့ အဆင်ပြေလွယ်ကူရေးဟာ အဓိကဦးစားပေးအချက် ဖြစ်လာတာနဲ့အညီ အခု အသစ်ပေးအပ်လိုက်တဲ့ ဝန်ဆောင်မှုကတစ်ဆင့် သုံးစွဲသူတွေဟာ သူတို့ရဲ့ MPT Money E-wallet အကောင့်ထဲကို MPU, Visa, MasterCard, JCB, UnionPay ကတ်တွေအသုံးပြုပြီး ငွေဖြည့်သွင်းနိုင်သလို NearMe ဆိုင်တွေအားလုံးမှာလည်း ငွေဖြည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လွယ်ကူအဆင်ပြေ၊ စိတ်ချလုံခြုံမှုရှိစွာနဲ့ အကျိုးရှိတဲ့ ငွေဖြည့်သွင်းမှု နည်းလမ်းအတွက် ခိုင်မာမှုရှိတဲ့ NearMe ဆိုင်တွေနဲ့ ငွေပေးချေမှုကတ် ဝန်ဆောင်မှုတွေနဲ့ အခုလို ပူးပေါင်းခြင်းကတစ်ဆင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ရှေ့ဆောင် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခု အနေနဲ့ ကျွန်တော်တို့ ရဲ့အခန်းကဏ္ဍကို ပိုပြီး ခိုင်မာအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်’’လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

MPT Money အကောင့်အတွင်းသို့ E-commerce စနစ်ကို လျှောက်ထားအသုံးပြုလျက်ရှိတဲ့ MPU ငွေပေးချေကတ်များဖြင့်သာ ငွေဖြည့်ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပြီး ကျန်ကတ်အမျိုးအစားများအတွက် E-commerce စနစ်ကို လျှောက်ထားရန်မလိုအပ်ဘူးလို့ သိရပါတယ်။ MPT Money ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပိုမို သိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုခြင်း သို့မဟုတ် MPT Money ရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်တဲ့ www.facebook.com/MPTMoneyOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««