MPT ၏ LTE+ ကွန်ရက် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဖြန့်ကျက်ပြီးဟုဆို

MPT ၏ LTE+ ကွန်ရက်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ဟားခါး၊ ကျိုက်ထီးရိုးစေတီတော်တို့မှာ အသုံးပြုနိုင်နေပြီဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ အချိန်မှာ နေရာအားလုံးမှာ ကွန်ရက်ဖြန့်ကျက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်းအနေနဲ့ မြို့ပေါင်း ၈၂ မြို့မှာ အသုံးပြုနိုင်တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အကုန်မှာ LTE+ ကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ပေါင်း ၂၈၀ မှာ ဖြန့်ကျက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကွန်ရက်နည်းပညာနဲ့ ကိုက်ညီတဲ့ 4G မိုဘိုင်းဖုန်းအမျိုးအစားမှာ Settings ထဲမှာ 4G Network ကို ဖွင့်ထားပေးခြင်း သို့မဟုတ် MPT အမှတ်တံဆိပ် အရောင်းဆိုင်တွေမှာ ပြုလုပ်ခြင်းတို့နဲ့ ကွန်ရက်ကို ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။

“ချင်းပြည်နယ်မှာ တိုးချဲ့ချိတ်ဆက်နိုင်ခြင်းဟာ MPT LTE+ ကို နိုင်ငံတစ်ဝန်းက ပြည်နယ်နဲ့တိုင်း အသီးသီးမှာ အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။ အင်တာနက်သုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ HD ဗီဒီယိုကြည့်ရှုခြင်းတို့ကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ရယူ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ LTE+ 4×4 MIMO ကွန်ရက်အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့တဲ့အတွက် နည်းပညာနဲ့ ကိုက်ညီတဲ့ ဆက်သွယ်ရေးပစ္စည်းတွေ(မိုဘိုင်းဖုန်းများ) နဲ့ အသုံးပြုရင် အမြန်နှုန်း 300Mbps အထိရရှိနိုင်တယ်လို့ပြောကြားထားပါတယ်။

-ထွန်းထွန်း