MPT ၏ အရောင်းဈေးကွက်ကို အသုံးပြု၍ Mobile Money ဝန်ဆောင်မှုပေးမည်ဟုဆို

MPT က Mobile Money ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတဲ့နေရာမှာ လက်ရှိရရှိထားတဲ့ အရောင်းဈေးကွက်ကို အသုံးပြုသွားမယ်လို့ သတင်းရရှိပါတယ်။

“ကျွန်တော်တို့ အနေနဲ့ MPT Mobile Money ကို မကြာမီမှာ စတင်ပြီး ဝန်ဆောင်မှုပေးသွားတော့မှာ ဖြစ်ပါတယ်၊ MPT Mobile Money အနေနဲ့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမမီသေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း၊ ဝေးလံ သီခေါင်တဲ့ ဒေသများမှ ပြည်သူများပါမကျန် အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရိုးရှင်းလွယ်စွာ အသုံးပြုနိုင်တဲ့ မိုဘိုင်းငွေကြေးဆိုင်ရာ ဝန်ဆောင်မှု (Mobile Financial Services) များကို ကျယ်ပြန့်ထိရောက်စွာ ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Head of MPT Mobile Money ဖြစ်သူ Mr. Rozano Planta ကပြောပါတယ်။

မိုဘိုင်းငွေကြေး လွှဲပြောင်းမှုလုပ်ငန်းတွေကို ကနဦးဆောင်ရွက်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေပေးချေမှု အပိုင်းတွေမှာပါ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ “သီးခြားကုမ္ပဏီထောင်ပြီးတာနဲ့ လိုင်စင်လျှောက်မယ်၊ လိုင်စင်ရပြီးတာနဲ့ စလို့ရပြီ။ ကျွန်တော်တို့မှာ ကိုယ်စားလှယ်တွေလည်း ရှာထားပြီးပြီ၊ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေလည်း ခန့်ထားပြီးပြီ၊ အားလုံးက အဆင်သင့်ဖြစ်နေပြီ၊ လိုင်စင် Process နဲ့ သီးခြားကုမ္ပဏီဖွဲ့ဖို့ပဲ၊ ကျန်တာကတော့ အဆင်သင့်ဖြစ်နေပြီ၊ ငွေလွှဲတာက အဓိကပေါ့၊ နောက်ပိုင်းကျရင်တော့ ဈေးဝယ်တဲ့ပုံစံရော ငွေပေးချေမှုအတွက်ပါ ဆောင်ရွက်သွားမယ်” လို့ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောကြားဖူးပါတယ်။

-ထွန်းထွန်း