MPT ၏ အကောင့်တုများအား အရေးယူရန် Facebook သို့အကြောင်းကြား

MPT ရဲ့ Facebook ပေါ်ကအကောင့်တုတွေကို အရေးယူနိုင်ဖို့ Facebook ကိုတရားဝင်အကြောင်း ကြားစာပေးပို့ထားပြီး ဖြစ်တယ်လို့ MPT ရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ အွန်လိုင်းပေါ်မှာ MPT ရဲ့အကောင့်တု ပေါင်း ၁၄၀ ဝန်းကျင်လောက်အထိရှိပြီး တကယ့်လက်တွေ့မှာ အကောင့်ခွဲ လုပ်ထားတာမျိုး တစ်ခုမှမရှိကြောင်း MPT အနေနဲ့အကောင့် တုတွေတွေ့လာရင် လက်ရှိမြန်မာနိုင်ငံရဲ့တည်ဆဲ ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း MPT-KSGM ရဲ့ Digital Media Team မှ Team Manager ဦးဝိုင်းချစ်ဦးက ပြောပါတယ်။

“MPT ရဲ့Facebook စာမျက်နှာမှာ အပြာရောင်အမှတ်အသား ပါဝင်မှသာ Page အမှန်ဖြစ်ပါတယ်၊ သတင်းတစ်ခုခု တက်တာမျိုးဆိုရင် အပြာရောင် အမှတ်အသားပါတဲ့ Page မှာ တင်တဲ့သတင်း တရားဝင်ဝက်ဘ်ဆိုက်မှာ ပါတဲ့သတင်းတွေကသာ သတင်းအမှန် ဖြစ်ပါတယ်” လို့သူကပြောပါတယ်။

MPT ရဲ့ Facebook Page အမှန်ဆိုရင် အပြာရောင်အမှတ်အသားပါဝင်တာ Fan အရေအတွက် ၈.၃ သန်းကျော် ရှိတာမျိုးနဲ့ အလွယ်တကူ ခွဲခြားနိုင်ကြောင်း ဆိုပါတယ်။ သတင်းတစ်ခုခုနဲ့ ပတ်သက်ပြီး mpt.com.mm နဲ့ call center နံပါတ် ၁၀၆ ကို ကြည့်နိုင်မေးမြန်းနိုင်ကြောင်း ဆိုပါတယ်။ ပုံမှန်အားဖြင့် Fake Page တွေမှာ ပုံတွေမသေမသပ်ဖြစ်တာ ဒီဇိုင်းမသေမသပ် ဖြစ်တာမျိုးတွေကို ကြည့်ခြင်းအားဖြင့် ခွဲခြားသိနိုင်ကြောင်း ဆိုပါတယ်။

-ထွန်းထွန်း