MPT ၏ စုံစုံလင်လင် ပက်ကေ့ချ်ဖြင့် Viber ကို ဒေတာအကန့်အသတ်မဲ့ဖြင့် အသုံးပြုနိုင်မည်

MPT မှ မိတ်ဆက်လိုက်တဲ့ စုံစုံလင်လင် ပက်ကေ့ချ် အသုံးပြုသူတွေအနေနဲ့ Viber ကို အကန့်အသတ်မရှိ အသုံးပြုနိုင်မယ့် အပြင် တစ်မိနစ် ၅ ကျပ်သာ ကျသင့်မယ့် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင််းနဲ့ ဖုန်းဘီလ် ၁၀၀၀ ကျပ်ကို ရက် ၃၀ အတွင်း စိတ်ကြိုက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ Viber အသုံးပြုသူတွေက အကောင်းဆုံး မိုဘိုင်းကွန်ရက်တစ်ခု ဖြစ်တဲ့ MPT ကိုသုံးပြီး သူတို့ရဲ့ နေအိမ်ကနေ အလုပ်လုပ်တဲ့အခါမှာ Viber ကနေ တစ်ဆင့် ပိုပြီး အဆင်ပြေပြေနဲ့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အချင်းချင်း အဆက်အသွယ်မပြတ် နေထိုင်လုပ်ကိုင်နိုင်ဖို့ ဆိုတဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို နားလည်တဲ့အတွက် သူတို့ကို ပိုအဆင်ပြေပြေနဲ့ ဆက်သွယ်နိုင်ဖို့ အခုလိုပူးပေါင်းမှုတွေ ပြုလုပ်ခဲ့တာပါ” လို့ Rakuten Viber ရဲ့ Chief Growth Officer ဖြစ်သူ Anna Znamenskaya က ပြောပါတယ်။

“ဒီလိုခက်ခဲနေတဲ့ အချိန်၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရတဲ့ အချိန်တွေမှာ ပြည်သူတွေက သူတို့ချစ်ခင်ရတဲ့သူတွေနဲ့ အဆက်အသွယ်မပြတ် နေနိုင်ဖို့နဲ့ နေအိမ်ကနေ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကိုင်နိုင်ဖို့ကို Viber ‌ရော၊ ကျွန်တော်တို့ပါ တူညီတဲ့ ဆန္ဒရှိပါတယ်။ ဒေတာအကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့ စုံစုံလင်လင်ပက်ကေ့ချ်နဲ့ ကျွန်တော်တို့က အသုံးပြုသူတွေရဲ့ တချို့သော အပိုကုန်ကျစရိတ်တွေကို လျှော့ချပေးပြီး Viber ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ဖုန်းခေါ်ဆိုတာအပါအဝင် တခြား ဆန်းသစ်ထားတဲ့ လုပ်ဆောင်ချက်တွေကိုပါ အသုံးပြုပြီး နေ့စဥ်ဘဝတွေကို အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားခဲ့ပါတယ်။

MPT ရဲ့ စုံစုံလင်လင် ပက်ကေ့ချ်အသစ်နဲ့ အသုံးပြုသူတွေဟာ ဖုန်းခေါ်ဆိုခြင်း၊ ဗွီဒီယိုခေါ်ဆိုခြင်း၊ စတစ်ကာများ၊ GIFs များအား စိတ်ကြိုက်ဖန်တီးပြုလုပ်ကာ ပေးပို့နိုင်ခြင်းအပြင် အရွယ်အစား ကြီးမားတဲ့ ဖိုင်တွဲများ ပို့ဆောင်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များအတွက် ဒေတာသုံးစွဲမှုကုန်ကျစရိတ် စိုးရိမ်ပူပန်စရာ မလိုဘဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««