MPT ၏ဆက်သွယ်ရေး ဝန်ဆောင်ခ နှုန်းထားများအား နောက်ပိုင်းတွင် ပြင်ဆင်လျှော့ချ ပေးရန်ရှိဟုဆို

IMG_6821.jpg

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်ခ နှုန်းထားများကို နောက်ပိုင်းတွင် လျှော့ချသွားရန်ရှိကြောင်း သတင်းရရှိသည်။

ယခုလက်ရှိ MPT အမှတ်တံဆိပ်ဖြင့် ထွက်ရှိလာသည့် ဆင်းမ်ကတ် အသစ်များနှင့် ယခင်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချခဲ့သည့် GSM နှင့် WCDMA မိုဘိုင်း ဆင်းမ်ကတ်များ၏ ဖုန်းခေါ်ဆိုခနှုန်းထား၊ စာတိုပေးပို့ခ နှုန်းထားနှင့် မိုဘိုင်းအင်တာနက် အသုံးပြုခများ လက်ရှိကောက်ခံနေသည့် ပုံစံမှ ပြင်ဆင်လျှော့ချ ပေးသွားရန် စီစဉ်နေကြောင်း အဆိုပါ လုပ်ငန်းမှ သိရသည်။

ယခုလက်ရှိ အချိန်တွင် MPT သည် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့်ပူးပေါင်းပြီး နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာများနှင့် ယှဉ်ပြိုင်၍ ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်ကို ထိုးဖောက်နေသော်လည်း ၎င်းတို့၏ ဝန်ဆောင်ခ နှုန်းထားများကို ပြင်ဆင်လျှော့ချ ပေးခြင်းမရှိခြင်းနှင့် ပတ်သက်ပြီး သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အရည်အသွေးများ ပိုမိုကောင်းမွန် လာစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ဆက်တိုက်ပြုလုပ် နေလျက်ရှိပြီး သုံးစွဲသူများအတွက် တည်ငြိမ်သည့် အနေအထား ရောက်ရှိပါက မိုဘိုင်းဖုန်း ခေါ်ဆိုခအပါအဝင် စာတိုပေးပို့ခ နှုန်းထားများနှင့် မိုဘိုင်းအင်တာနက် အသုံးပြုခများကို ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“Telenor နဲ့ Ooredoo ရဲ့ မိုဘိုင်း အင်တာနက် အသုံးပြုခတွေကလည်း အရမ်းသက်သာနေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာရှိနေပြီး အရည်အသွေးကလည်း ကွန်ရက်မိတဲ့ နေရာတွေဆို တော်တော်လေး ကောင်းပါတယ်။ ဆက်သွယ်ရေး အနေနဲ့ အခုကောက်နေတဲ့ အင်တာနက် မတက်လည်း သရီးဂျီဖွင့်တာနဲ့ ပိုက်ဆံဖြတ်နေတာရယ်နဲ့  ဖုန်းပြောဆိုခကိုလည်း လျှော့ပေးသင့်နေပါပြီ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မယ်ဆို နိုင်ငံတကာအတိုင်း လုပ်ပေးစေချင် တယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ မိုဘိုင်းဖုန်း အသုံးပြုသူ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်း ခေါ်ဆိုခနှုန်းထားများကို တစ်မိနစ်လျှင် ၅၀ ကျပ်၊ စာတိုပေးပို့ခကို တစ်စောင်လျှင် ၂၅ ကျပ်နှင့် မိုဘိုင်းအင်တာနက် အသုံးပြုခအား   CDMA 800 MHz ဖုန်းများအတွက် တစ်မိနစ် ၄ ကျပ်၊ GSM,WCDMA ဖုန်းများအတွက် တစ်မိနစ် ၂ ကျပ်အပြင် မိုဘိုင်း အင်တာနက် အသုံးပြုရန်အတွက် ကနဦးတပ်ဆင်ခ ကျပ် ၁ သောင်းတို့ကို ယခုအချိန်အထိ သတ်မှတ် ကောက်ခံနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၅ နှစ်သက် တမ်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထာ သည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏  မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်ခများမှာမူ MPT ထက်ပိုမို သက်သာပြီး ရွေးချယ်သုံးစွဲရန် အစီအစဉ်များစွာ ရှိနေသည်။

-ယုဇနကိုကို