MPT မှ Mobile Seminar များကို နိုင်ငံအနှံ့ကျင်းပသွားမည်

MPT အနေနဲ့ ၂၀၁၉-၂၀၂ဝ ခုနှစ်အတွက် Mobile Seminar ပွဲတွေ နိုင်ငံအနှံ့ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ်ရဲ့ ရည်ရွယ်ချက်မှာ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်တဲ့ အသိပညာတွေ ပိုမို သိရှိလာစေရန်နဲ့ မိုဘိုင်းဝန်ဆောင်မှုတွေအပေါ်မှာ စိတ်ကျေနပ်မှုတွေ ပိုမို ရရှိစေရန် ဖြစ်တယ်လို့ သိရပါတယ်။ Mobile Seminar တွေကို နိုင်ငံတစ်ဝန်းလုံးရှိ နေရာဒေသ ၇၀ မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊ မတ်လ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mobile Seminar တွေကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး အဆိုပါ အခမ်းအနားများမှ တစ်ဆင့် သုံးစွဲသူတွေကို သတင်းအချက်အလက်မျှဝေခြင်း၊ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ အင်တာနက်လုပ်ဆောင်မှုများ၊ ဆိုက်ဘာပြစ်မှုနှင့် နှောင့်ယှက်ခြင်းများမှ ကာကွယ်ခြင်း၊ အင်တာနက်ကို ဘေးကင်းလုံခြုံစွာအသုံးပြုရေးဆိုင်ရာ အသိပညာပေး မျှဝေခြင်းများ အပါအဝင် အင်တာနက်ပေါ်မှာ ကိုယ်ပိုင် အချက်အလက်များကို ကာကွယ်ရန်နဲ့ မိုဘိုင်းဖုန်းသုံးစွဲရာမှာ သိထားသင့်တဲ့ အချက်အလက်များ စတဲ့ အကြောင်းအရာတွေကို မျှဝေမှာဖြစ်တယ်လို့ သိရပါတယ်။

Mobile Seminar တွေမှာ ဆွေးနွေးမယ့် အခြားခေါင်းစဉ်တွေက လူမှုကွန်ရက်၊ ကျန်းမာရေးနှင့် မိုဘိုင်းအသုံးပြုမှု၊ မိုဘိုင်းဒေတာကို ထိရောက်စွာအသုံးပြုခြင်း၊ MPT4U အက်ပလီကေးရှင်း အသုံးပြုခြင်း၊ MPT Club, MPT Money နဲ့ သုံးစွဲသူဝန်ဆောင်မှုပေးရေး၊ ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း စသည်တို့ဖြစ်တယ်လို့ သိရပါတယ်။ MPT Mobile Seminar များကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း ပွဲပေါင်း ၄၀၀ နီးပါး ကျင်းပနိုင်ခဲ့ကာ မိုဘိုင်းဖုန်းအသုံးပြုသူ ၁၀၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။