MPT မှ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (မန္တလေး) ၌ ဖိုက်ဘာအင်တာနက် ချိတ်ဆက်မှုများ ဆောင်ရွက်ပေး

MPT မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဒုတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ လတ်တလောတွင် ဆောက်လုပ်ထားသည့် COVID-19 ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ(မန္တလေး) တွင် မြန်နှုန်းမြင့် B2B ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် Wi-Fi ချိတ်ဆက်မှုများ တပ်ဆင်ပေးခြင်းဖြင့် လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို လုပ်ဆောင်လျက်ရှိကာ ယခုအပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များ၏ တစ်စိတ်တစ်ဒေသအဖြစ် COVID-19 ရောဂါကုသရေးဌာနသစ် ဧရာဝတီစင်တာ(မန္တလေး) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) မှ ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

“အခု မန္တလေးမြို့မှာ အသစ်ဖွင့်လှစ်မယ့် COVID-19 ရောဂါကုသရေးဌာနသစ် ဖြစ်တဲ့ ဧရာဝတီစင်တာ အတွက် မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက် ချိတ်ဆက်မှုကို ကူညီပံ့ပိုးပေးခြင်းဟာ ကျွန်တော်တို့ MPT ရဲ့ နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက် လိုအပ်သလို ကူညီထောက်ပံ့ ပေးသွားမယ် ဆိုတဲ့ သန္နိဌာန်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ အခြေအနေတွေကြောင့် စိတ်ချယုံကြည်ရတဲ့ အင်တာနက် ချိတ်ဆက်မှု ရရှိနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် အရင်ကထက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့ နားလည် သဘောပေါက်ပါတယ်။ ဒါ့ကြောင့်လည်း MPT အနေနဲ့ နိုင်ငံတစ်ဝန်းမှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေ အပြင် မြန်မာ့လူမှုအသိုက်အဝန်း တစ်ခုလုံးနဲ့ အတူတကွ ရပ်တည်ပြီး အခုလို ခက်ခဲတဲ့အချိန်ကာလ အတွင်းမှာ အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဖြည့်ဆည်း ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်” လို့ MPT-KSGM JO မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima ကပြောပါတယ်။

MPT သည် COVID-19 ပထမလှိုင်း ကာလအတွင်း SMS ဖြင့် ပေးပို့လှူဒါန်းနိုင်သည့် အစီအစဥ်မှ MPT သုံးစွဲသူများထံမှ လက်ခံရရှိသည့် လှူဒါန်းငွေကျပ် သိန်း (၂၀၀) ကျော်နှင့် အတူ MPT မှ ထပ်ဆောင်းအလှူအဖြစ် ငွေကျပ်သိန်း (၁,၀၀၀) ကို ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««