MPT မှ Mobile Money ၀န်ဆောင်မှုပေးရန် အသင့်အနေအထားရှိဟုဆို

MPT က မိုဘိုင်းငွေကြေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ဖို့ အသင့်အနေအထားရှိနေပြီလို့ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ လိုင်စင်ချထားပေးဖို့ကို စောင့်နေတာဖြစ်ပြီး သီးခြားကုမ္ပဏီထောင်ဖို့အတွက်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ကို ဗဟိုဘဏ်ကနေ လိုင်စင်ချထား ပေးဖို့လုပ်နေတယ်။ သို့သော် Mobile Money ဥပဒေအရ တယ်လီကွန်းအော်ပရေတာက သီးခြားကုမ္ပဏီတစ်ခု ထောင်ရမယ်။ အဲဒါကြောင့် ကျွန်တော်တို့ သီးခြားကုမ္ပဏီထောင်ဖို့ကို ကြိုးစားနေတယ်။ အသင်းအဖွဲ့စည်းမျဉ်းတွေ၊ အသင်းအဖွဲ့မှတ်တမ်းတွေ ကျွန်တော်တို့ရေးနေပြီ” လို့ပြောပါတယ်။

မိုဘိုင်းငွေကြေး လွှဲပြောင်းမှုလုပ်ငန်းတွေကို ကနဦးဆောင်ရွက်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေပေးချေမှု အပိုင်းတွေမှာပါ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ “သီးခြားကုမ္ပဏီထောင်ပြီးတာနဲ့ လိုင်စင်လျှောက်မယ်။ လိုင်စင်ရပြီးတာနဲ့ စလို့ရပြီ။ ကျွန်တော်တို့မှာ ကိုယ်စားလှယ်တွေလည်း ရှာထားပြီးပြီ။ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေလည်း ခန့်ထားပြီးပြီ၊ အားလုံးက အဆင်အသင့်ဖြစ်နေပြီ” လို့ဆက် လက်ပြောကြားပါတယ်။ “လိုင်စင် Process နဲ့ သီးခြားကုမ္ပဏီဖွဲ့ဖို့ပဲ။ ကျန်တာကတော့ အဆင်အသင့်ဖြစ်နေပြီ။ ငွေလွှဲတာကအဓိကပေါ့။ နောက်ပိုင်းကျရင်တော့ ဈေးဝယ်တဲ့ပုံစံပါ။ ငွေပေးချေမှုအတွက်ပါ ဆောင်ရွက်သွား မယ်” လို့ဆိုပါတယ်။

-ထွန်းထွန်း