MPT မှ FTTB စနစ်ဆောင်ရွက်မည်

MPT က FTTB (Fiber To The Building) စနစ်ကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကွန်ဒိုတိုက်ခန်းတွေ အဆောက်အဦကြီးတွေဆီကို ဖိုင်ဘာကွန်ရက် ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ် လို့ဆိုပါတယ်။
“FTTB ကို လုပ်နေတယ်။ ကွန်ဒိုတွေ Apartment တွေကိုလုပ်ဖို့ အစီအစဉ်ရှိတယ်။ အဲဒါတွေက B2B ဝန်ဆောင်မှု ဘက်ကနေပြီးတော့ သွားတယ်” လို့ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောပါတယ်။ လက်ရှိမှာတော့ FTTH (Fiber To The Home) ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ ပန်းပဲတန်းမြို့နယ်မှာ စပေးနေတာဖြစ်ပြီး လက်ရှိမှာ မြို့နယ်တွေတိုးချဲ့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ “ပန်းပဲတန်းမှာ စပေးတာကောင်းတယ် အခြေအနေကောင်းတယ် Application က နှစ်ပတ်အတွင်းမှာ ရှစ်ဆယ်ကျော်ရတယ်။ Active လုပ်တာ ၂၀ ကျော်လောက်ရတယ်။ နောက်ထပ်ချဲ့ဖို့က အတိအကျတော့ မပြောနိုင်သေးဘူး။ ကွန်တော်တို့အခု စည်ပင်သာယာနဲ့ ကေဘယ်လ်ဆွဲဖို့ကိစ္စညှိနေပါတယ်။ ပြီးရင် တော့ မြန်သွားမှာပါ” လို့ဆက်လက်ပြောကြားပါတယ်။

အိမ်တိုင်ရာရောက်အထိ ဖိုက်ဘာသွယ်တန်းပြီး အင်တာနက်ဝန်ဆောင်မှုပေးမယ့် FTTH စနစ်ကို သြဂုတ်လ ၁ ရက်ကနေ အသုံးပြုနိုင်ဖို့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဆူးလေဘုရားနားတစ်ဝိုက် ပန်းပဲတန်းမြို့နယ်မှာ လိုင်း ၅၀၀ နဲ့ စတင်ဝန်ဆောင်မှု ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ADSL တပ်ဆင်ထားသူတွေအနေနဲ့ FTTH ကိုပြောင်းလဲ အသုံးပြုချင်ရင် ကျပ်တစ်သိန်းနဲ ပြောင်းလဲအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 5Mbps ကိုတစ်လကို ၆၉,၀၀၀ ကျပ်နဲ့ သုံးနိုင်မယ်လို့ ဆိုပါတယ်။ နှစ်စဉ်ကြေးပေးစရာမလိုဘူးလို့ သိရပါတယ်။ အဲဒီ ဝန်ဆောင်မှုအတွက် တပ်ဆင်ကြေး နှစ်သိန်းကျသင့်မှာဖြစ်ပြီး လက်ရှိပရိုမိုးရှင်း ကာလမှာတော့ တစ်သိန်းခွဲနဲ့ တပ်ဆင်နိုင်မယ်လို့ သိရပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေရဲ့ နေရာအနှံ့မှာ တိုးချဲ့သွားမယ်လို့ သိရပါတယ်။ တပ်ဆင်ကြေးမှာ ကေဘယ်လ်ကြိုးတပ်ဆင်ခြင်း၊ စတင်အသုံးပြုဖို့ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်ခ၊ wifi router တပ်ဆင်ခြင်းအတွက် ငှားရမ်းခတွေ ပါဝင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း