MPT မှ နေ့စဉ်သုံး Facebook ဒေတာအပိုရမည့် အစီအစဉ်သစ် စတင်ဆောင်ရွက်

နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင်ရမယ့် အစီအစဉ်တစ်ခုကို MPT ကပြုလုပ်လိုက်ပါတယ်။

ဇန်န၀ါရီ ၁၁ ရက်ကစပြီး အသုံးပြုနိုင်မယ့် ဒီအစီအစဉ်ကို e-top up ငွေဖြည့်စနစ် ဒါမှမဟုတ် မိုဘိုင်းဘဏ်ငွေဖြည့်စနစ်ကို အသုံးပြုသူတွေရရှိမယ်လို့ သိရပါတယ်။ အဲဒီစနစ်တွေနဲ့ ငွေဖြည့်သွင်းလိုက်တာနဲ့ facebook, Messenger, Viber, LINE, Instagram စတဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနိုင်မယ့် ဒေတာအပိုလက်ဆောင်ကိုရရှိမယ်လို့ သိရပါတယ်။

“သတိထားစေချင်တာကတော့ ခဲခြစ်ငွေဖြည့်ကတ်တွေနဲ့ ငွေဖြည့်သွင်းရင်တော့ ဒေတာအပိုလက်ဆောင်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။ အဲဒီဒေတာ အပိုလက်ဆောင် အစီအစဉ်မှာ ငွေဖြည့်သွင်းတဲ့ ပမာဏအပေါ်မူတည်ပြီး ကွာခြားသွားမှာဖြစ်ပါတယ်။ ငွေများများဖြည့်သွင်းရင် နေ့စဉ်သုံး Facebook ဒေတာ အပိုလက်ဆောင်ကို ပိုမို ရရှိမယ့်ပုံစံဖြစ်ပါတယ်။ သောကြာနေ့တိုင်း ငွေဖြည့်သွင်းရင် အခုနေ့စဉ်ရရှိမယ့် နေ့စဉ်သုံး Facebook ဒေတာ အပိုလက်ဆောင် အပြင်၊ အရင်က Happy Friday အပိုလက်ဆောင်ကိုပါ ထပ်ဆောင်းရရှိမယ်လို့ သိရပါတယ်။

နေ့စဉ်သုံး Facebook ဒေတာအပိုဆုလက်ဆောင်ကို ၃ ရက်အတွင်း အသုံးပြုရမှာဖြစ်ပြီး ခဲခြစ်ငွေဖြည့်ကတ်တွေနဲ့ ၁,၀၀၀ ကျပ်အောက်ငွေဖြည့်သွင်းမှုများအတွက် ရရှိမှာမဟုတ်ပါဘူး။ အဲဒီ ဒေတာအပိုဆုအစီအစဉ်ရဲ့ သက်တမ်းကုန်ဆုံးရက်ကတော့ ဇန်နဝါရီလ ၃၁ ရက်ဖြစ်တယ်လို့သိရပါတယ်။

-ထွန်းထွန်း