MPL-MM S4 နှင့် ရှုံးထွက်ပွဲစဉ်များအား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပလျက်ရှိတဲ့ Mobile Legends: Bang Bang Professional League ကို သုံးကြိမ်တိုင်ကျင်းပပြီးစီးခဲ့ပြီဖြစ်သော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ်ရဲ့ MPL-MM S4 ရဲ့ပုံမှန်ရာသီပွဲစဉ်များတွေနဲ့ ရှုံးထွက်ပွဲစဉ်များ ကျင်းပမယ့်ရက်ကို နောက်ထပ်အသိပေးအကြောင်းကြားမှုမပြုလုပ်မီ အချိန်ထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ် မတ် ၂၅ ရက်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆုတ်ရောင် ကူးစက်မြန်ရောဂါ Covid-19 ကူးစက်ထားသူ လူနာသုံးဦးအား မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ထိုကပ်ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်ရမည့် အချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသလို လူစုလူဝေးဖြစ်ပေါ်စေတဲ့ ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ကန့်သတ်ထားကြောင်း၊ အစိုးရမှချမှတ်ထားသော စည်းကမ်းများကို အထူးအလေးပေး လိုက်နာသောအားဖြင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ကာ MPL-MM S4 ရဲ့ ပုံမှန်ရာသီပွဲစဉ်တွေနဲ့ ရှုံးထွက်ပွဲစဉ်တွေကို အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ပြန်လည်ကျင်းပမယ့် နေရက် နဲ့ အချိန်အတိအကျကို ကြိုတင် ကြေညာသွားမယ်လို့ သိရပါတယ်။

Mobile Legends: Bang Bang Professional League ကို လက်ရည်စစ်ပွဲ၊ ပုံမှန်ရာသီပွဲစဉ်တွေနဲ့ ရှုံးထွက်ပွဲစဉ်များဟူ၍ အဆင့်သုံးဆင့်ခွဲကာ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲအချိန်ကာလအနေနဲ့ ၄ လနီးပါးခန့် ကြာမြင့်လေ့ရှိကြောင်း ယခုနှစ် MPL-MM S4 တွင် စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁၀၀,၀၀၀ ကျော် ချီးမြင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ