Moonton မှ MPL-MM S4 ပွဲစဉ်အချိန်ဇယားအသစ်များကို ထုတ်ပြန်ကြေညာ

MPL-MM S4 ပွဲစဉ်တွေကို ဧပြီလတွင် Covid-19 အကြပ်အတည်းကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း ယခုအခါ Moonton မှ ပုံမှန်ပွဲစဉ်တွေကို မေ ၁၆ ရက် ၂၀၂၀ ခုနှစ်မှစ၍ ဇွန် ၇ ရက်အထိ ပြန်လည်ကျင်းပသွားမှာ ဖြစ်သလို Grand Final ပွဲကိုတော့ ဇွန် ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကြသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဂရုတစိုက် စီစဉ်ဆောင်ရွက်ထားပြီး ကျွန်တော်တို့နှစ်သက်တဲ့ ဂိမ်းကို တာဝန်သိတတ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ကစားလိုပါတယ်။ အခု ပြန်လည်ရေးဆွဲထားတဲ့ ပွဲစဉ်အချိန်ဇယားကတော့ ၂၀၂၀ ခုနှစ် လိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကြမယ့် ကစားသမားတွေ၊ ဝန်ထမ်းတွေ နဲ့ အားပေးကြမယ့် ပရိသတ်တွေ ရဲ့ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားပြီး စီစဉ်ထားတာဖြစ်တဲ့အတွက် ဒီနှစ်ပြိုင်ပွဲ ရဲ့ ထူးခြားမှုကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပွဲစဉ်အချိန်ဇယားအသစ် ရေးဆွဲတဲ့နေရာမှာ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်အားလုံး နဲ့ မိတ်ဖက်တွေအားလုံးကိုလည်း ဒီ Season ကို အမှတ်တရရှိနေစေဖို့ ကျွန်တော်တို့နဲ့အတူ အားအင်အပြည့်နဲ့ ပါဝင်အားပေးကြဖို့ မျှော်လင့်ပါတယ်” လို့ Moonton ရဲ့ Esports Director ဖြစ်သူ Lucas Mao ကပြောပါတယ်။

MPL-MM S4 မှာမြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတွေ အနေနဲ့လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့ရဲ့ ကျွမ်းကျင်မှုကို နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ လိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမှာဖြစ်ပြီး ချန်ပီယံဆု ရရှိတဲ့ အသင်းကို အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်းခန့်) ၊ ဒုတိယနဲ့ တတိယ ရရှိသွားတဲ့ အသင်းတွေကို အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နဲ့ အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမယ်လို့ သိရပါတယ်။

-အောင်သူ