“MoCOM E-Commerce Innovation Challenge” ကို မိတ်ဆက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဦးဆုံးသော E-Commerce Innovation Challenge ကို စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ Challenge ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) ၏ ပန်းတိုင် ၅.၁ အောက်ရှိ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ့် အချိန်ကိုက်ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲကို ပြုလုပ်ခြင်းမှာ ကမ္ဘာ့ကပ်ရောဂါကြီးကို တွန်းလှန်ရာတွင် ဒီဂျစ်တယ်နည်းလမ်းများ အသုံးချမှုကို မြှင့်တင်နိုင်ရန်၊ စီးပွားရေးထိခိုက်မှုများကို လျင်မြန်စွာ ကုစားနိုင်စေရန်၊ အရည်အချင်းရှိသော လူငယ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို အားပေးနိုင်ရန် ရည်ရွယ်ပါတယ်။

ဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲများကို အပိုင်း (၂) ပိုင်းခွဲ၍ ပြုလုပ်သွားမှာဖြစ်ပြီး ပထမပိုင်းကို COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေးနဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ပံ့ပိုးကူညီနိုင်ရေး (ထို့အပြင် တရားဝင်တည်ထောင်နိုင်စေရေး) အစရှိတဲ့ ခေါင်းစဉ်များအောက်တွင်လည်းကောင်း၊ ဒုတိယပိုင်းကို E-Commerce လုပ်ငန်းနယ်ပယ်တွင်းမှ အမျိုးသမီးများ နဲ့ စားသုံးသူအခွင့်အရေးနှင့် အွန်လိုင်းမူပိုင်ခွင့် ဟူသော ခေါင်းစဉ်များအောက်တွင်လည်းကောင်း ပြုလုပ်သွားမှာပါ။

ပွဲအတွက် ဆုကြေးငွေစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြစ်ပြီး အနိုင်ရရှိသူတွေအနေနဲ့ ရရှိတဲ့ဆုကြေးငွေကို ၎င်းတို့ရဲ့ လုပ်ငန်းများ အတွက် မိမိတို့အနိုင်ရရှိထားတဲ့ ဆန်းသစ်တီထွင်ထားသောဖြေရှင်းချက်များကို အကောင်အထည်ဖော်ရာမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနနဲ့ UNDP Myanmar တို့အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ E-Commerce လုပ်ငန်းများနဲ့ Fintech လုပ်ငန်းများ၊ ဘဏ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ပညာရေးနည်းပညာလုပ်ငန်းများ၊ E-Commerce လုပ်ငန်းဝန်ဆောင်မှုပေးသူများ ကဲ့သို့သော E-Commerce ဂေဟစနစ်အတွင်းရှိ အရေးပါသော မဏ္ဍိုင်လုပ်ငန်းများကို ဤဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲများတွင် ပါဝင်သွားနိုင်ရန် အတူတကွ တိုက်တွန်းဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပြီး ပထမအပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် စာရင်းပေးသွင်းနိုင်မည် ဖြစ်ကာ ဒုတိယပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှ စတင်ကာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန အနေနဲ့ အားပေးအထောက်အကူဖြစ်စေသော E-Commerce ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်းများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။။ လက်ရှိ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကမ္ဘာ့ကူးစက်ရောဂါက မိရိုးဖလာ စီးပွားရေးလုပ်ငန်း အမြောက်အမြားကို ခြိမ်းခြောက်နေတာကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန အနေနဲ့ ဒီဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ဖို့ ရှေးရှုလျက် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ဖို့၊ ဆန်းသစ်တီထွင်မှုကနေ တစ်ဆင့် ဒီဂျစ်တယ်ကူးပြောင်းမှုကို အားပေးမြှင့်တင်ဖို့နဲ့ ပြည်တွင်းရော ပြည်ပမှာပါ စီးပွားရေးကဏ္ဍ စုံလင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ UNDP ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး အဓိကမဟာဗျူဟာ တစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းများ အွန်လိုင်းအသုံးပြုနည်းလမ်းများကို လိုက်ပါအသုံးပြုသွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး၊ Digital Trade နဲ့ E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ထူးက ပြောပါတယ်။
“UNDP အနေနဲ့ ဒီ ‘MoCOM E-Commerce Innovation Challenge” ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့ အတူ ပူးပေါင်းတင်ဆက်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒီစိန်ခေါ်ပွဲက မြန်မာနိုင်ငံရဲ့ COVID-19 ကို

တွန်းလှန်ကုစားနိုင်ရေးဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်စေဖို့ အတွက် ဒီဂျစ်တယ်နဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေကို အသုံးချနိုင်မယ့် အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုပဲ ဖြစ်ပါတယ်” လို့ UNDP ရဲ့ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Titon Mitra က ပြောပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို (https://www.connectthedot.com.mm/) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««