MM Tutors အဖွဲ့နှင့် တွေ့ဆုံခြင်း

Telenor လုပ်ငန်းစုကနေ စက်တင်ဘာလ ၁၉-၂၀ မှာကျင်းပပြုလုပ်ခဲ့တဲ့ Digital Winners Asia ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖွဲ့တစ်ဖွဲ့က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ MM Tutors ဆိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်ပါတယ်။ MM Tutors က မြန်မာနိုင်ငံက Phandeeyar ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီကနေမှတဆင့် Digital Winners Asia ပွဲကို တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ ရတာဖြစ်ပါတယ်။ MM Tutors ရဲ့ လုပ်ငန်းအကြောင်းတွေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေ အကြောင်း၊ Phandeeyar နဲ့ Digital Winners Asia ပွဲက သူတို့ရဲ့ အတွေ့အကြုံ  စတာတွေကို အင်တာနက်ဂျာနယ်က မေးမြန်းခဲ့ပါတယ်။

MM Tutors ဟာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို http://www.mmtutors.com/ ဝက်ဘ်ဆိုက်ကနေ ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

MM tutors စတင်တည်ထောင်တာနဲ့ Phandeeyar ပြိုင်ပွဲ စတင်ဝင်ပြိုင်ဖြစ်ပုံ အကြောင်းကို အရင်ဆုံးသိလိုပါတယ်။

ကျွန်တော်တို့အဓိက ဖွဲ့စည်းခဲ့တာကတော့ တည်ထောင်သူ သုံးယောက်ရှိတယ်။ ကျွန်တော်တို့သုံး ယောက်စလုံးက ကျူတာလုပ်ခဲ့ဖူးကြတယ်။ အဲဒီတော့ အခက်အခဲတွေ၊ ပြသနာတွေတွေ့ခဲ့ကြရတယ်။ ဥပမာ ကျွန်တော် ၁၀ တန်း ဂိုက်လုပ်နေရင်းကနေ စာမေးပွဲနီးတဲ့အခါ ငှားလို့မရတော့တာမျိုး၊ ပြီးတော့ ဆရာက သင်နေရင်းကနေ ထွက်သွားတာမျိုး အဲဒီလိုမျိုး အခက်အခဲတွေ အများကြီးရှိတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးတဲ့ ဆရာတွေဆိုရင်လည်း အရမ်းရှားတယ်။ အဲလိုပြသနာလေးတွေ တွေ့လာတယ်၊ တစ်ချို့ဆရာတွေဆိုရင်လည်း အရမ်းတော်တာမျိုး တွေရှိတယ် ဒါပေမဲ့ ကာစတန်မာနဲ့ စကားပြောတဲ့အခါ သူတို့အနေနဲ့ ကာစတန်မာက ငှားချင်တယ်။ ဒါပေမဲ့ တကယ်တော်တဲ့ ဆရာကိုမသိဘူး၊ အဲဒီအတားအဆီးလေးကို ကျွန်တော်တို့က ဒါလေးတော့ လုပ်လိုက်မယ်ဆိုပြီး နည်းပညာနဲ့ လုပ်လို့ရတယ်ဆိုပြီး ဒီပလက်ဖောင်းကိုစပြီး လုပ်ဖြစ်တာဖြစ်ပါတယ်။ အဲဒီလိုမျိုးနဲ့ပဲ Start up ဆိုတာက လေ့လာနေဆဲ ဖန်တီးရာကိုသွားတယ်၊ ဘာတွေပြိုင်ရမှာလဲ စုံစမ်းတယ်ပြီးတော့ ဖောင်တွေ တင်ပြီးတော့ ပြိုင်ဖြစ်သွားတာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမတိုင်ခင် ဘယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့ပါသေးလဲ။ ပြိုင်ပွဲအတွေ့အကြုံတွေ ဘယ်လောက်ရှိခဲ့သလဲ။

အဲဒီမတိုင်ခင်မှာတော့ ပြိုင်ပွဲတွေဝင်မပြိုင်ဖူးပါဘူး။ ဒါပထမဆုံး အတွေ့အကြုံပါ။

အခြားပရောဂျက်တွေရော လုပ်ထားခဲ့တာ ရှိပါသလား။

Start up နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် နည်းပညာဆိုင်ရာပဲဖြစ်ဖြစ် ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တာမရှိဘူး၊ ပရောဂျက်တွေ လုပ်ခဲ့တာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က လူငယ်တွေဆိုတော့ နည်းပညာ နဲ့မစိမ်းပါဘူး။ ဘာတွေဖြစ်နေတယ်၊ နိုင်ငံခြားမှာရော ဘာတွေဖြစ်နေတယ် ဆိုတာကိုလေ့လာတယ်၊ အဲဒီတော့ ဒါကိုပီပီပြင်ပြင် အစီအစဉ်ချပြီးတော့ ပြိုင်ဖြစ်တာပါ။ ဝင်ပြိုင်တုန်းကတော့ တကယ်လို့ ဆုမရခဲ့ရင်လည်း ဆက်လုပ်မယ်ဆိုတဲ့ သဘောနဲ့ ပြိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲအတွေ့အကြုံလေးပြောပြပါ။

Start up Challenge က မေလမှာလုပ်တယ်။ ကိုးရက်ကြာတယ်။ အဲဒီကိုးရက်အတွင်းမှာ ကျွန်တော်တို့ အများကြီးလုပ်ရတယ်။ Business တစ်ခုကို ထောင်လို့ရှိရင် Start up တစ်ခုအနေနဲ့ ယူဆချက်တွေ ရှိတယ်၊ ငါတို့တော့ မတ်ဇူကာဘတ်ကို ဖြစ်ရမယ်။ စတိဂျော့ဗ်လို ဖြစ်ရမယ် စတာတွေရှိတယ်။ တကယ်တမ်း အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ အဲဒီလောက် မလွယ်ဘူးဆိုတာ အဲဒီကိုးရက် အတွင်းမှာ သိလာတယ်၊ အဲဒီရက်တွေမှာ ဈေးကွက်သုတေသနတွေလည်း လုပ်ရတယ်၊ အဖွဲ့ပေါင်း လေးငါးဆယ်လောက်တော့ ရှိမယ်။ နည်းပညာဆိုင်ရာ လူငယ်တွေ ပိုများနေတယ်။ Digital Winner Asia အတွက် မြန်မာနိုင်ငံမှာ Start up Challenge ကို ဝင်ပြိုင်ခဲ့တယ်။ အဲဒီမှာ Wave Money က ပါတနာအနေနဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို Winner အဖြစ်  ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုဖြစ်ပါတယ်။ ဟိုဘက်ပိုင်း အတွေ့အကြုံပြောရရင် အခမ်းအနားတွေ တက်ရတယ်။ Pannel Discussion တွေ၊ အမေး အဖြေတွေနဲ့ အရမ်းကိုကောင်းတဲ့ အတွေ့အကြုံတွေရပါတယ်။ ကျွန်တော်တက်ခဲ့ဖူးတဲ့ အခမ်းအနားထဲမှာ တော်တော်ကောင်းတဲ့ အခမ်းအနား တစ်ခုပါပဲ။ နောက်ရက်ကျတော့ Telenor ရုံးမှာလည်း အခမ်းအနား တစ်ခုကို တက်ခဲ့ပါတယ်၊ လေးညအိပ် ငါးရက်ကြာပါတယ်။

အဲဒီကိုမသွားခင်နဲ့ ပြန်လာပြီး ဘာကွာခြားသွားပါသလဲ။

မတက်ခင်နဲ့ တက်ပြီးနောက်ပိုင်း တော်တော်ကြီးပြောင်းလဲ သွားပါတယ်။၊ မြန်မာနိုင်ငံမှာ ဖန်တီးရာက Start up program နဲ့ run နေကြတဲ့ သူတွေရှိတယ်၊ ကျွန်တော်တို့သွားတဲ့ အချိန်မှာမြင်ရတဲ့ Start up တွေက Globally အတိုင်းအတာအရဆိုရင် အရမ်းကိုကြိုးစား ကြတာတွေ့ရတယ်။ ကျွန်တော်တို့ ကြိုးစားတာထက် သူတို့ပိုပြီး ကြိုးစားကြတာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ အများကြီးပိုပြီး လုပ်သင့်တယ်ဆိုတာကို ပိုသိလာတယ်၊ ပြီးတော့အတွေ့အကြုံတွေပေါ့၊ Digital Winners မှာ အာရှက ခုနစ်ဖွဲ့ ပါတယ်၊ ကျွန်တော်တို့မြန်မာကပါတယ်၊ ထိုင်းက ခရီးသွားလုပ်ငန်းက ပါတယ်။ မလေးရှားက ဆွံ့အနားမကြားတွေအတွက် ဖန်တီးပေးထားတဲ့ဟာပေါ့ သူတို့လည်း တော်တော်ကောင်းတတယ်။ နောက်ပါကစ္စတန်က နှစ်ဖွဲ့ပါတယ်။ နောက်ပြီး ဘင်္ဂလာဒေ့ရှ်ကလည်း ပါတယ်။ သူတို့နဲ့ကျွန်တော်တို့ ရင်းရင်းနှီးနှီးစ ကားပြောရတယ်။ အဓိကတော့ Digital Winners က  ပြိုင်ပွဲဆိုတာထက် Knowledge sharing ပေါ့၊ သူတို့ဆီမှာဆိုဘယ်လို ငါတို့ဆီမှာဆို ဘယ်လိုစတာတွေကို မျှဝေကြတာဖြစ်ပါတယ်။

အနာဂတ်မှာ မျှော်မှန်းထားတဲ့ ဆောင်ရွက်ချက်ကိုလည်း သိပါရစေ။

အနာဂတ်မှာ ကျွန်တော်တို့ ပလက်ဖောင်း private ကျူတာတွေကို ချိတ်ပေးမယ်၊ Start up ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ Plan အကြီးကြီးရှိတယ်။ တစ်ဖြည်းဖြည်းနဲ့ စလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နဂိုမူရင်းရည်ရွယ်ချက်က Online, Offline ပလက်ဖောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက အမှန်အတိုင်းပြောရင် ဝက်ဘ်ဆိုက်သုံးတဲ့သူ နည်းတယ်။ Application, Facebook သုံးတာတွေ အရမ်းများပါတယ်။ mmtutors ဝက်ဘ်ဆိုက် ဝင်လိုက်လို့ရှိရင် ဖောင်တွေဘာတွေရှိတယ်၊ ဒါမှမဟုတ် ကျွန်တော်တို့ကို ဖုန်းလှမ်းဆက်လိုက်လို့ ရပါတယ်။ ကျွန်တော်တို့က တစ်ဖက်ကကာစတန်မာ၊ တဖက်က ဆရာတွေပေါ့။ အဲဒါတွေကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဘာသာစကားဖြစ်ဖြစ်၊ အခြားဘာသာရပ်ဖြစ်ဖြစ် ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ သင်ချင်တဲ့ဆရာတွေအနေနဲ့ ဖောင်ဖြည့်ထားလို့ ရမှာဖြစ်ပါတယ်။

လက်ရှိမှာ ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့သူ ဘယ်လောက်ရှိပါသလဲ။

ကျွန်တော်တို့က အခုမှစတာဆိုတော့ လောလောဆယ် နီးစပ်ရာ ဆရာအယောက် ၃၀ လောက်နဲ့ အသုံးပြုသူကတော့ နည်းနည်း နည်းနေပါသေးတယ်။ အဖွဲ့ကိုစထောင်တာ ၂၀၁၇ ကပဲ ထောင်တာဖြစ်ပါတယ်။

Mmtutors မှာကနေ ချိတ်ဆက်ပြီး စာသင်ကြားပေးချင်တဲ့ ဆရာတွေအနေနဲ့ ဘာတွေလိုအပ်ပါသလဲ။

ကျွန်တော်တို့က ကွာလတီကို တန်ဖိုးထားတဲ့အတွက် ဒီကနေချိတ်ဆက် သင်ကြားပေးချင်တဲ့ ဆရာအဖြစ် ဆောင်ရွက်မယ်ဆိုရင် ဒီကသတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲတွေဖြေရမှာ ဖြစ်ပါတယ်။ သူကဘယ်ဘာသာနဲ့ ဆရာအဖြစ် သင်ကြားချင်တာလဲ။ အထက်တန်းပညာလား၊ ဘာသာစကားလား စာရှင်းပြတာရော အဆင်ပြေရဲ့လား။ အဲဒါနဲ့သက်ဆိုင်တဲ့ စာမေးပွဲလေးဖြေဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိက ဘယ်နေရာတွေအတွက် အသုံးပြုနိုင်မှာပါလဲ။

လောလောဆယ်ကတော့ ရန်ကုန်မှာပါပဲ။ နောက်ပိုင်း အခြားနေရာတွေကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

-ထွန်းထွန်း