mm-CERT မှ Coronavirus Phishing Scam များနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထား

Coronavirus ကူးစက်မှုများပျံ့နှံ့မှုနဲ့ ပတ်သတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်တာကို အခွင့်ကောင်းယူပြီး Coronavirus Phishing Scam လည်းထွက်ပေါ်လာပြီဖြစ်တဲ့အတွက် သတိထားကြရန် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ mm-CERT က သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ Coronavirus Phishing Scam ကို ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Mimecast ကရှာဖွေတွေ့ရှိထားတာလို့ ဖော်ပြထားပါတယ်။ အဆိုပါတွေ့ရှိချက်အရ “Singapore Specialist: Corona Virus Safety Measure” အမည်နဲ့ အီးမေးလ်တစ်စောင်ဖြစ်ပြီး အဖျက်အမှောင့်လုပ်ဆောင်ချက်များပါဝင်တဲ့ Link တွေနဲ့ PDF ဖိုင်တွေပါရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Wuhan coronavirus နဲ့ပတ်သက်ပြီး လူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို အသုံးချကာ မသမာသူများကနေ အီးမေးလ်ကမ်ပိန်းများပြုလုပ်ပြီး ကွန်ပျူတာသုံးစွဲသူများရဲ့ အကောင့်တွေကို ခိုးယူရန်ကြိုးစားခြင်း၊ Spyware များ ဖြန့်ဖြူးရန် ကြိုးစားမှုများ ပြုလုပ်လျက် ရှိကြောင်း ဆိုပါတယ်။ အဆိုပါအီးမေးလ်မှာ Wuhan coronavirus ကူးစက်ခြင်းမှ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုတဲ့အချက်စတာတွေနဲ့ မြူဆွယ်ပြီး ပေးထားတဲ့ Link များ၊ Attachment ဖိုင်များ ကို ဖွင့်ကြည့်မိစေရန် ဖျားယောင်း လှည့်စားတယ်လို့ သိရပါတယ်။

ထို့အတွက်အလားတူအီးမေးလ်မျိုးရရှိပြီး မသင်္ကာဖွယ်ရာ Link များ၊ Attachment များပါရှိပါက ဖွင့်မကြည့်ကြရန်နဲ့ မိမိတို့ရဲ့ Antivirus တွေကို နောက်ဆုံးအခြေအနေအထိ Update ပြုလုပ်ထားရန် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ mm-CERT က သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

-ကျော်ဇေယျ