MIUI Wear OS ပါဝင်တဲ့ Xiaomi Mi Watch

Xiaomi ဟာ Mi CC9 Pro စမတ်ဖုန်းနဲ့အတူ Mi အမှတ်တံဆိပ်နဲ့ ပထမဆုံး စမတ်နာရီ Mi Watch ကို မိတ်ဆက်လိုက်ပါတယ်။ Mi Watch မှာ feature များစွာပါဝင်ပြီး လက်ကောက်ဝတ်ပေါ်က အသေးငယ်ဆုံး ဖုန်း လို့တင်စားကာ Xiaomi ကဈေးကွက်ပေါ် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

နာရီမှာ ၁.၇၈ လက်မ AMOLED ပါဝင်ပြီး always-on လုပ်ဆောင်ချက်ကို ၄၄ မီလီမီတာ နာရီအုံထဲ ထည့်သွင်းထားပါတယ်။ စမတ်နာရီရဲ့ကျောဘက်ကို ceramic ပြုလုပ်ထားပြီး interface ကိုအသုံးပြုနိုင်အောင် နာရီညာဘက်မှာ ခလုတ်တစ်ခုထည့်သွင်းပေးထားပါတယ်။ နာရီဘယ်ဘက်ခြမ်းမှာတော့ စပီကာတစ်ခုနဲ့ မိုက်ကရိုဖုန်းတစ်ခုကို ထည့်သွင်းထားပါတယ်။ Mi Watch မှာ Bluetooth, NFC နဲ့ eSIM ထောက်ပံ့မှုတို့ပါဝင်လာပါတယ်။

Mi Watch မှာ Google ရဲ့ Wear OS အခြေခံထားတဲ့ MIUI Wear OS ကိုအသုံးပြုထားပါတယ်။ MIUI Wear ဟာ Google ရဲ့ စမတ်နာရီ platform ကို စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ပထမဆုံးဗားရှင်းဖြစ်လာပါတယ်။ နာရီအတွက် ထုတ်လုပ်ထားတဲ့ MIUI မှာ app အခု ၄၀ ကျော်နဲ့ third-party developer တွေအတွက် သီးခြား app store ပါဝင်လာပါတယ်။ ဒါ့အပြင် ရေကူးတာကိုခြေရာခံမှုအပါအဝင် ကိုယ်လက်ကြံ့ခိုင်ရေးကို ခြေရာခံတဲ့ feature များစွာပါဝင်လာပါတယ်။ လေ့ကျင့်ခန်းအမျိုးမျိုး လုပ်တာအပေါ် အခြေခံပြီး နှလုံးခုန်နှုန်းအချက်အလက်တွေကို အသေးစိတ်ခွဲခြမ်း စိတ်ဖြာပေးတဲ့ Firstbeat ရဲ့စွမ်းဆောင်ရည် လေ့လာချက်နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။

Mi Watch မှာ Snapdragon Wear 3100 4G chipset နဲ့အတူ RAM 1GB အပြင် storage 8GB ကိုအသုံးပြုထားပါတယ်။ ဘက်ထရီသက်တမ်းကတော့ 4G ကိုဖွင့်လိုက်ရင် ၃၆ နာရီဆက်တိုက် အသုံးပြုနိုင်ပါတယ်။ Xiaomi က Mi Watch မှာ 570mAh ဘက်ထရီကို အသုံးပြုထားတဲ့အတွက် စမတ်နာရီတစ်လုံးအတွက် အကြီးမားဆုံး ဘက်ထရီ cell ဖြစ်ပါတယ်။

Mi Watch ကို တရုတ်နိုင်ငံမှာပဲ သီးသန့်ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာ မသိသေးပါဘူး။ နိုဝင်ဘာ ၁၁ ရက်မှာ တရုတ်ဈေးကွက်အတွင်း စတင်ရောင်းချမှာ ဖြစ်ပြီး ၁၈၅ ဒေါ်လာနဲ့ ရောင်းချပါမယ်။

Premium Edition Mi Watch မှာ sapphire crystal မျက်နှာပြင်အပြင် စတီးကိုယ်ထည်နဲ့ ကြိုးအသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၈၅ ဖြစ်ပြီး နှစ်မကုန်ခင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena